- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
မုန်တိုင်းသင့်တောင်သူများအတွက် ဓာတ်မြေဩဇာ တန်ချိန် ၅ ထောင်ကို သက်သာဈေးနှုန်းဖြင့် ရောင်းချမည်
ယူရီးယားအမျိုးအစား ဓာတ်မြေဩဇာ တန်ချိန် ၅ ထောင်(အိတ်တစ်သိန်း)ကို ပြည်ထောင်စုမှ ခွဲတန်းရရှိထားပြီး ဇူလိုင်လမကုန်မီ ရခိုင်သို့ရောက်ရှိမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
20 Jul 2023

DMG ၊ ဇူလိုင် ၂၀
ရခိုင်ပြည်က မုန်တိုင်းသင့်တောင်သူများ မိုးစပါးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းစေရန် ဓာတ်မြေဩဇာ တန်ချိန် ၅ ထောင်ကို စစ်ကောင်စီက ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယူရီးယားအမျိုးအစား ဓာတ်မြေဩဇာ တန်ချိန် ၅ ထောင်(အိတ်တစ်သိန်း)ကို ပြည်ထောင်စုမှ ခွဲတန်းရရှိထားပြီး ဇူလိုင်လမကုန်မီ ရခိုင်သို့ရောက်ရှိမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဓာတ်မြေဩဇာတစ်အိတ်ကို ငွေကျပ် ၃ သောင်းနှုန်းဖြင့် မြို့နယ်အလိုက်ခွဲတန်းချပြီး ထိခိုက်နစ်နာမှုအများဆုံး တောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးတူ ပူးပေါင်းစိုက်ပျိုးနေသော တောင်သူများကို ဦးစားပေးရောင်းချသွားမည်ဟု ပြည်နယ်ဦးစီးမှူး ဦးဦးထွန်းမြင့်က ပြောသည်။
“အဓိကတော့ စိုက်ဧက အပေါ်မူတည်ပြီးတော့ တိုက်ရိုက် ခွဲတန်းချပေးတာဖြစ်တယ်။ လယ်သမားအားလုံးကို ရောင်းချပေးချင်ပေမယ့် လုံလုံလောက်လောက်မရတဲ့အတွက် အကုန်လုံးကို မရောင်းပေးနိုင်ဘူး” ဟု ဦးဦးထွန်းမြင့်က ပြောသည်။
လက်ရှိပြင်ပပေါက်ဈေးတွင် ဓာတ်မြေဩဇာတစ်အိတ်လျှင် ငွေကျပ် ကိုးသောင်းမှ တစ်သိန်းကျော်အထိ မြင့်တက်နေ၍ မုန်တိုင်းကြောင့်အထိနာခဲ့သော ရခိုင်တောင်သူများမှာ ဝယ်ယူသုံးစွဲရန် အခက်အခဲရှိနေသည်။
ရသေ့တောင်မြို့နယ်၊ ချိန်ခါလိန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက “ဖြစ်နိုင်ရင် ခွဲတန်းနဲ့ ပေးတာမဟုတ်ဘဲ လယ်သမားတွေအကုန်လုံး ရစေချင်ပါတယ်။ ဒုက္ခရောက်နေတဲ့အချိန် နည်းနည်းအဆင်ပြေအောင်အတွက်ပါ” ဟု ပြောသည်။
ရခိုင်တွင် မုန်တိုင်းဒဏ်ကြောင့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော စသည့်မြို့နယ်များတွင် ကျွဲ၊ နွားနှင့် တိရိစ္ဆာန်ကောင်ရေ ၂၇,၆၀၀ ကျော် သေဆုံးခဲ့ပြီး မျိုးစပါး ၇ သောင်းကျော် ပျက်စီးသွားခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
မုန်တိုင်းဒဏ်သင့်တောင်သူများမှာ နေအိမ်ပျက်စီးမှု၊ ကျွဲနွားသေဆုံးမှု၊ မျိုးစပါးပျက်စီးမှုများကြောင့် ပြန်လည်ထူထောင်ရေးအပြင် လယ်ယာစိုက်ပျိုးရန်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။
မြောက်ဦးမြို့နယ် သပြေကန်ကျေးရွာမှ ဦးဦးစိုးသိန်းက “ဓာတ်မြေသြဇာမသုံးရင်လည်း အထွက်နှုန်းမကောင်းတော့ မသုံးလို့မရတော့ဘူးလေ။ မဖြစ်မနေအသုံးပြုရမယ့် ရာသီရောက်တော့လည်း စျေးနှုန်းဆက်တိုက်တက်လာတယ်။ ဒီနှစ် လယ်ယာလုပ်ဖို့ကိုတောင် အများကြီးစဉ်းစားခဲ့ရပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်တွင် စိုက်ပျိုးဧက ၁၂ သိန်းခွဲကျော်ရှိသော်လည်း သွင်းအားစုစရိတ်ကြီးမြင့်မှု၊ ဓာတ်မြေဩဇာ ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း တဖြည်းဖြည်းဆုတ်ယုတ်လာနေသည်။
ယခုနှစ် ရခိုင်တွင် မုန်တိုင်းတိုက်ခတ်မှုဒဏ်ကို ခံထားရသော်လည်း စိုက်ပျိုးဧက ဆယ်သိန်းကျော် စိုက်ပျိုးနိုင်ရေး လျာထားကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက ပြောဆိုထားသည်။
#R010