မြန်မာ-အိန္ဒိယ တိုက်ရိုက်ကုန်သွယ်နိုင်မည့် ကုလားတန်စီမံကိန်းထဲမှ စစ်တွေဆိပ်ကမ်းသစ်ကို မကြာမီ ဖွင့်လှစ်မည်

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကို တိုက်ရိုက်ကုန်သွယ်နိုင်မည့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ်ကို မကြာမီအချိန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။

By Admin 28 Dec 2022

မြန်မာ-အိန္ဒိယ တိုက်ရိုက်ကုန်သွယ်နိုင်မည့် ကုလားတန်စီမံကိန်းထဲမှ စစ်တွေဆိပ်ကမ်းသစ်ကို မကြာမီ ဖွင့်လှစ်မည်

ကုလားတန်မြစ်စီမံကိန်းထဲမှ စစ်တွေဆိပ်ကမ်းအား တွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၂၈

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကို တိုက်ရိုက်ကုန်သွယ်နိုင်မည့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ်ကို မကြာမီအချိန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။

စစ်တွေဆိပ်ကမ်းသစ်အား မည်သည့်အချိန်တွင် ဖွင့်လှစ်သွားမည်ကို အတိအကျမသိရှိရသေးသော်လည်း ဆိပ်ကမ်းဖွင့်လှစ်ပြီးပါက နှစ်နိုင်ငံကြား ကုန်သွယ်မှုများကို အပြန်အလှန်လုပ်ဆောင်နိုင်တော့မည်ဖြစ်သဖြင့် များစွာအကျိုးရှိလာနိုင်သည်ဟု ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က ပြောသည်။

“ ကုန်သင်္ဘောတွေဆိုက်ပြီးတော့ ဟိုဘက်နိုင်ငံကပစ္စည်း ဒီဘက်ရောက်မယ်။ ဒီဘက်နိုင်ငံက ပစ္စည်းဟိုဘက်ရောက်မယ်ပေါ့။ တစ်ကမ္ဘာလုံးက ပစ္စည်းအဝင်အထွက် လုပ်လို့ရတာပေါ့။ ရခိုင်ပြည်မှာ အရင် မြောက်ဦးခေတ်တို့ ဝေသာလီခေတ်တို့ကလည်း ဒီလိုပဲ။ တစ်ကမ္ဘာလုံးကပစ္စည်းတွေ မြောက်ဦးကိုရောက်တယ်။ အဲဒီကမှ တစ်ကမ္ဘာလုံးကို ပျံ့တာ။ ဒီလိုပဲ ဆိပ်ကမ်းတစ်ခုဆိုတာ အင်မတန်အကျိုးရှိတယ်” ဟု ဦးစံရွှေမောင်က ပြောသည်။

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းတွင် လမ်းတံတားဖောက်လုပ်ခြင်းများ ပြီးစီးသွားလျှင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ကုန်းလမ်းအတိုင်း ကုန်သွယ်မှုပြုလုပ်ကာ ကုလားတန်မြစ်ကြောအတိုင်း ရခိုင်ပြည်၊ စစ်တွေဆိပ်ကမ်းအထိ ကုန်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကုလားတန်မြစ်စီမံကိန်း အကောင်အထည်ပေါ်လာပါက ရခိုင်ဒေသမှထွက်ရှိသည့် ကုန်ပစ္စည်းများကို မြန်ဆန်စွာ တင်ပို့နိုင်မည်ဖြစ်သလို ကုန်သည်လုပ်ငန်းရှင်များအပါအဝင် ဒေသခံများအတွက်လည်း များစွာအကျိုးရှိလာမည် ဖြစ်သည်ဟု ရခိုင်ပြည် အတွင်းမှ စီးပွားရေးလုပ်ငန်းရှင်များက ရှုမြင်နေကြသည်။

ရခိုင်ပြည် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းရွှေက “နယ်စပ်ကုန်သွယ်ရေးပုံစံမျိုးဖြစ်လာဖို့တော့ မျှော်မှန်း ရတာပေါ့။ အဲဒီလမ်းအဆင်ပြေရင် ကူးသန်းရောင်းဝယ်မှု အဆင်ပြေမယ်။ အခုလမ်းဖွင့်မယ်ဆိုရင်တော့ စီးပွားရေး အရမ်းဖွံ့ဖြိုးလာမှာပေါ့။ ကျောက်တော်လည်း အရမ်း စည်ကားသွားမယ်။ ပြီးတော့ ရခိုင်က ထွက်တဲ့ ကုန်ရယ်။ အဲဒီကထွက်တဲ့ ကုန်ရယ်။ အဲဒီကလည်း လူသုံး ကုန်တွေထွက်တယ်လေ။ ဒီကလည်း စားသုံးကုန်တွေ ထွက် တယ်။ ကုလားတန်မြစ် စီမံကိန်းသာ အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ရခိုင်ပြည်အတွက် အရမ်းတိုးတက်သွားမှာ” ဟု သူက ဆိုသည်။

ကုလားတန်စီမံကိန်း၏ ရခိုင်ဒေသဘက်ခြမ်းမှ အစိတ်အပိုင်းများမှာ ၂၀၁၇ ခုနှစ်အတွင်းကနေ ပြီးစီးနေပြီ ဖြစ်သော်လည်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင်း ၂၀၁၉ ခုနှစ်တွင် စီမံကိန်းလုပ်ငန်းများကို ရပ်နားထားခဲ့ရသည်။

အဆိုပါစီမံကိန်းတွင် ကုန်းလမ်းနှင့်ရေလမ်းဟူ၍ နှစ်မျိုးပါဝင်ကာ ရေလမ်းမှာ စစ်တွေမှပလက်ဝအထိဖြစ်ပြီး ပလက်ဝမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိ ကုန်လမ်းဖြင့်ဆက်သွယ်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ စီမံကိန်းတွင် ကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားသည်။

လက်ရှိတွင် ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းတွင် လမ်းတံတားဖောက်လုပ်ခြင်းများ ပြီးစီး သွားပါက ရခိုင်ပြည်မှ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းတိုးချဲ့လုပ်ကိုင်လာနိုင်သည့်အတွက် ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းမှာလည်း အတိုင်းအတာတစ်ခုထိ ဖြစ်ထွန်းလာနိုင်သည်ဟု ရခိုင်စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက ပြောသည်။

“ဒီလမ်းဖြစ်လာခဲ့ရင် ရခိုင်ပြည်က လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်လာကြမယ်။ နောက်ပြီး အိန္ဒိယ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေဖြစ်လာမယ်ဆိုရင် ဒီက လုပ်ငန်းရှင်တွေက ရင်းနှီးမြှုပ်နှံပြီး အလုပ်လုပ်လာကြမှာ။ အဲဒီလိုဆိုရင် အလုပ်အကိုင်အခွင့်လမ်းက အတိုင်းအတာတစ်ခုလောက်အထိ ပွင့်လာဖို့ ရှိမယ်” ဟု သူက ဆိုသည်။

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကြား တရားဝင်သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကို ၂၀၁၀ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကုလားတန် စီမံကိန်းတစ်ခုလုံးနှင့် သက်ဆိုင်သည့် ပြည်သူလူထုအကျိုးခံစားခွင့်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆိုင်ရာ ဆန်းစစ်ချက် (EIA) နှင့် လူမှုဘဝထိခိုက်မှုဆိုင်ရာဆန်းစစ်ချက် (SIA) များကို လူထုအား ပွင့်လင်း မြင်သာစွာ ချပြရန် လိုအပ်ကြောင်း ရခိုင်မြစ်ချောင်းများ ကွန်ယက်က DMG ကို ဖြေဆိုထားသည်။

ဗီဒီယိုများ