အမ်း-ကျောက်ဖြူ တကြောတွင် ဟွန်ဒါစက် ခိုးယူခံရမှုများ ခပ်စိပ်စိပ်ဖြစ်လာ

ဟွန်ဒါစက်များကို လှေနှင့်အတူ ဆိပ်ကမ်းတွင်ရပ်နားထားစဉ်၊ ဒီရေတောထဲတွင် ယာယီရပ်နားထားစဉ် ပုံစံအမျိုးမျိုးနှင့် ခိုးယူခံနေရခြင်းဖြစ်ကြောင်း ကာယကံရှင်များက ပြောသည်။

By Admin 29 Aug 2023

အမ်းမြို့နယ်အတွင်းမှ ဟွန်ဒါလှေဖြင့် ဝမ်းစာရှာဖွေနေကြသည့် ဒေသခံများကို တွေ့ရစဉ်။
အမ်းမြို့နယ်အတွင်းမှ ဟွန်ဒါလှေဖြင့် ဝမ်းစာရှာဖွေနေကြသည့် ဒေသခံများကို တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၂၉

ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် ကျောက်ဖြူမြို့နယ် တကြောတွင် ဟွန်ဒါစက် ခိုးယူခံရမှုများ ယခုလပိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်ပွားလာနေကြောင်း ဒေသခံများကပြောသည်။

လှေတွင်တပ်ဆင်ထားသည့် စက်များ ခိုးယူခံရမှုမှာ မေလမှ ဩဂုတ်လအထိ စုစုပေါင်း ၂၁ လုံးအထိ ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဟွန်ဒါစက် ပျောက်ဆုံးမှုမှာ အမ်းမြို့နယ်၊ ချစ်ပုံမကျေးရွာမှ ၈ လုံး၊ လင်ပန်းကျေးရွာမှ ၂ လုံးနှင့် ကျောက်ဖြူမြို့နယ်၊ ခြုံဆွယ်ကျေးရွာမှ ၅ လုံး၊ ကျောက်ငူကျေးရွာမှ ၃ လုံး၊ မြုံးပြင်ကျေးရွာမှ ၃ လုံးတို့ဖြစ်ကြသည်။

“အခုက စက်လှေကို ဘယ်မှာပဲထားထား၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ပျောက်နေတာဆိုတော့ နောက်ထပ်ဝယ်ရင်လည်း ဘယ်တော့ လာခိုးသွားအုံးမလဲဆိုပြီး စောင့်နေရသလိုဖြစ်နေပြီ” ဟု အမ်းမြို့နယ်၊ လင်ပန်းကျေးရွာမှ ဟွန်ဒါစက်အခိုးခံရသည့် ဦးမျိုးမောင်က ပြောသည်။

ဟွန်ဒါစက်များကို လှေနှင့်အတူ ဆိပ်ကမ်းတွင်ရပ်နားထားစဉ်၊ ဒီရေတောထဲတွင် ယာယီရပ်နားထားစဉ် ပုံစံအမျိုးမျိုးနှင့် ခိုးယူခံနေရခြင်းဖြစ်ကြောင်း ကာယကံရှင်များကပြောသည်။

အမ်း-ကျောက်ဖြူ တကြောရှိ ကျေးရွာများမှ ဒေသခံများမှာ ငါး၊ ပုစွန်၊ ကဏန်း၊ ဂုံး စသည့် ရေလုပ်ငန်းများကို အမှီပြုကာ အသက်မွေးကြသူများဖြစ်သည်။

ရေလမ်းခရီးသွားလာရာတွင် လုပ်ငန်းတွင် အဆင်ပြေလွယ်ကူစေရန်အတွက် တပ်ဆင်အသုံးပြုကြသော ဟွန်ဒါစက်များ ခိုးယူခံနေရသဖြင့် လုပ်ကိုင်စားသောက်ရာတွင် ထိခိုက်နေရကြောင်း ဒေသခံများကပြောသည်။

အမ်းမြို့နယ်၊ ချစ်ပုံမကျေးရွာ ဦးခင်မောင်ကြည်က “တချို့က မရှိမဲ့,ရှိမဲ့ အားစိုက်ပြီး ဝယ်ယူထားကြတာ။ ဒီကြားထဲကမှ အခိုးခံရတယ်ဆိုတော့ ပြန်ဝယ်ဖို့ကလဲ ငွေကမရှိဘူး” ဟု ပြောသည်။

ဟွန်ဒါစက်အမျိုးအစားပေါ်မူတည်ပြီး ဟွန်ဒါစက်တစ်လုံးကို ကာလပေါက်ဈေး ငွေကျပ် ၈ သိန်းခန့်မှ ငွေကျပ် ၁၅ သိန်းအထိရှိကာ တစ်နေ့စာ တစ်နေ့ ရှာဖွေစားသောက်နေရသည့် ဒေသခံများအတွက် ပြန်လည်ဝယ်ယူနိုင်ရန် ခက်ခဲသည်။

ဟွန်ဒါစက်များ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (ULA/AA)ထံ တိုင်ကြားထားသော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးကြောင်း ဒေသခံများကပြောသည်။

မြုံးပြင်ကျေးရွာမှ ဟွန်ဒါစက်အခိုးခံရသူ ဦးကျော်ဌေးက “ပျောက်သွားလို့ ထပ်မဝယ်ပြန်ရင်လည်း ချောင်း၊ မြောင်းတွေပေါတဲ့ ဒီလိုနေရာမျိုးမှာ သွားရေး၊လာရေးအတွက် အဆင်မပြေကြဘူး။ ဒါကြောင့် ခိုးတဲ့လူတွေကို အမြန်ဆုံး ဖမ်းဆီးရမိစေချင်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်တွင် စစ်ဘေးဒဏ်၊ သဘာဝဘေးဒဏ်များအပြင် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှုတို့ကြောင့် နောက်ဆက်တွဲအနေဖြင့် ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုများ ဖြစ်ပေါ်လာကာ ဒေသခံများမှာ လွတ်လပ်စွာလုပ်ကိုင်စားသောက်ရန် လုံခြုံမှုကင်းမဲ့နေကြရသည်။

#I008