ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ်စခန်း တစ်ခုကို AA တိုက်ခိုက်၊ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာ အရှေ့ဘက် ရထားဘူတာရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီယာယီ စခန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က ယနေ့(နိုဝင်ဘာ ၁၅) ရက်၊ နံနက် ၇ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 15 Nov 2022

DMG၊ နိုဝင်ဘာ ၁၅

အင်အား ၇၀ ခန့်ရှိသည် စစ်တွေမြို့၊ ပါဒလိပ်တပ်ရင်း ခလရ ၂၃၂ တပ်ရင်းမှ တပ်သားများမှာ ယင်းဘူတာရုံတွင် တပ်စွဲထားသည်မှာ ၃ လနီးပါးခန့်ကြာမြင့်နေပြီဖြစ်ကာ ယနေ့တွင် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ကွန်းတောင်ကျေးရွာသားတစ်ဦးက DMG သို့ပြောသည်။

“ အဲဒီဘူတာရုံမှာ သူတို့ (မြန်မာစစ်တပ်) က တပ်စွဲထားတာ ၂ လကျော်လောက်ရှိပြီ။ ဒီနေ့ နံနက်ပိုင်းက AA က ဝင်တိုက်လို့ အပြန်အလှန်ပစ်ခတ်တာတွေ ရှိတယ်။ တိုက်ပွဲကတော့ မိနစ် ၂၀ ကျော်လောက်ကြာတယ်။ အတိုက်ခံရတာဆိုတော့ သူတို့(မြန်မာစစ်တပ်)ဖက်က ထိခိုက်ကျရူံးမှုတွေ ရှိနိုင်တယ်။ အဲဒီလို တိုက်ပွဲဖြစ်တဲ့အတွက် ပါဒလိပ်တပ်ရင်းကနေပြီးတော့ လက်နက်ကြီးပစ်ကူပစ်ခတ်တာရှိတယ် ”ဟု ၎င်းကဆိုသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပါဒလိပ်တပ်ရင်း ခလရ ၂၃၂ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ပစ်ခတ်မှုကြောင့် လက်နက်ကြီးတစ်လုံးမှာ ကွန်းတောင်ကျေးရွာအနောက်ဘက်ရှိ ကဏန်းဒိုင်အနီးတွင် ကျရောက်ပေါက်ကွဲကာ အသက် (၃၄) နှစ်အရွယ် ကိုဇော်ဝင်းထွန်း ရင်ဘတ်နှင့်လက်မောင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာရရှိသွားကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“ လက်နက်ကြီး ၃ လုံးပစ်တာ ပထမတစ်လုံးကနေ ကဏန်းဒိုင်နားမှာ ကျတာ။ လက်နက်ကျည်စ စင်ကျပြီး ဘယ်ဖက်လက်မောင်းနဲ့ ရင်ဘတ်မှာ ဒဏ်ရာရသွားတယ်။ လက်မောင်းမှာဒဏ်ရာက အရမ်းများတယ်။ ကဏန်းဒိုင်က ကားနဲ့ စစ်တွေ ဆေးရုံကြီးကို ပို့လိုက်ပါတယ်။ နောက်ထပ်လက်နက်ကြီးတွေက ရွာပြင်ဘက်မှာ ကျတာပါ ”ဟု ၎င်းကဆို သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ယင်းအပြင် ထိုကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို မေးမြန်းရာ ကွန်းတောင်ကျေးရွာဖြစ်စဉ်ကို မသိသေးကြောင်း ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဒေသခံနှစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိကာ သေဆုံးသွားခဲ့သည်။

မြန်မာစစ်တပ်မှ ပစ်ခတ်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ စစ်ကြောင်းဝင်ရောက်လာမှုများကြောင့် ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့က စတင်ကာ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုး၊ ကျွဲထိုး၊ အိုင်ဒင်၊ ဆင်အိုးကြီး၊ အလယ်ကျွန်း၊ ငှက်ကြီးကျွန်းနှင့် ပဒေသာကျေးရွာတို့မှ ဒေသခံငါးထောင်ခန့် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် သြဂုတ်လမှစတင်ကာ တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာပြီး လက်ရှိတွင် ပလက်ဝ၊ ကျောက်တော် ၊ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်စသည့် မြို့နယ်များတွင်နေ့စဉ် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ဗီဒီယိုများ