- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
မိုးကြီးမှုကြောင့် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်အချို့ ရေပြည့်၊ ဒေသခံတစ်ချို့ ဘေးလွတ်ရာသို့ပြောင်းရွှေ့ထားရ
ကျောက်ဖြူမြို့တွင် သြဂုတ်လ ၁၆ ရက်နေ့ ည ၁၂ နာရီခန့်ကနေ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့ ရေပြည့်နေပြီး ဒေသခံများ ဘေးလွတ်ရာသို့ပြောင်းရွှေ့နေရသည်ဟု သိရသည်။
17 Aug 2022

DMG ၊ သြဂုတ် ၁၇
ကျောက်ဖြူမြို့တွင် သြဂုတ်လ ၁၆ ရက်နေ့ ည ၁၂ နာရီခန့်ကနေ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့ ရေပြည့်နေပြီး ဒေသခံများ ဘေးလွတ်ရာသို့ပြောင်းရွှေ့နေရသည်ဟု သိရသည်။
စေတီတောင်ရပ်ကွက်၊ ဆားပြင်ကွင်းရပ်ကွက်၊ အစိုးရတိုက်တန်း၊ ဝန်ထမ်းရပ်ကွက်၊ သမ္ဗာန်ချောင်းရပ်ကွက်၊ သင်္ဘောဆိပ်ဟောင်း၊ စံပယ်မွေးရပ်ကွက်တို့မှာ ရေပြည့်နေခြင်းဖြစ်သည်။ ထိုသို့ ရေပြည့်မှုကြောင့် သဗ္ဗာန်ချောင်းရပ်ကွက်မှ ဒေသခံ ၈၀ ခန့်ကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ထားရသည်ဟု ကျောက်ဖြူမြို့ လေးဝတီလူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်း ဥက္ကဋ္ဌ ဦးဂျပန်ကြီးကပြောသည်။
“မြေနိမ့်ပိုင်းဖြစ်တဲ့ သမ္ဗာန်ချောင်းက လူဦးရေ ၈၀ လောက်ကိုတော့ အလက(၄) စာသင်ကျောင်းဖက်ကို ပြောင်းထားတယ်။ အခု ရေကတော့ကျနေပြီ၊ (၃)ပေလောက်ပဲရှိတော့တယ်။ လူတို့ဘာတို့ကတော့ ဘာထိခိုက်မှုမှမရှိဘူး။ အခု သူတို့စားသောက်ရေးအတွက်ကိုလည်း ပရဟိတအဖွဲ့တွေက စီစဉ်ပေးနေကြတယ်"ဟု သူကပြောသည်။
ယခုကဲ့သို့ ရပ်ကွက်များ ရေပြည့်ခြင်းမှာ ရေစီးရန် ရေမြောင်းများမရှိသောကြောင့်ဖြစ်သည်ကြောင်း စေတီတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုသန်းလှိုင်ကဆိုသည်။
"မိုးရွာတာက ၁၂ နာရီလောက်မှာ ရွာတယ်။ ရေက တစ်နာရီထိုးလောက်မှာ စပြီးနစ်မြုပ်လာတယ်။ မြစ်ရေတိုးလို့ မြုပ်တာမဟုတ်ဘူး။ ရေစီးမြောင်းမရှိလို့ မြုပ်တာဖြစ်တယ်။ ၄ ပေကျော်ကျော်လောက် တက်ခဲ့တယ်။ ရေက ကျနော်တို့ရပ်ကွက်မှာ အခုတော့ ၃ ပေလောက် ကျန်သေးတယ်။ ကျောင်းတွေအကုန်လုံးကိုလည်း ပိတ်ထားရတယ်"ဟု သူကပြောသည်။
ယခုကဲ့သို့ ရေနစ်မြုပ်ခြင်းကြောင့် ဆန်ဆိုင်များ၊ ဘိလပ်မြေ အရောင်းဆိုင်များနှင့် ဆိုင်ကယ်များ ပျက်စီးမှုများစွာရှိကြောင်း ကိုသန်းလှိုင်က ဆက်လက်ပြောသည်။
ယခုကဲ့သို့ ရေနစ်မြုပ်ခြင်းဖြစ်ပေါ်ရခြင်းမှာ အစိုးရ တာဝန်ရှိသူများအနေဖြင့် ရေစီးရေလာကောင်းအောင် ရေမြောင်းများ စနစ်တကျတူးဖော်မှုမရှိသောကြောင့်ဖြစ်သည်ဟု ဒေသခံများက ထောက်ပြကြသည်။