လုံခြုံရေးအာမခံချက်မရှိ၍ ရခိုင်က လူမှုကူညီရေးအဖွဲ့များ လှုပ်ရှားမှုအားနည်းလာ

စစ်ကောင်စီသည် ပရဟိတအသင်းအဖွဲ့ဝင်များကို ဖမ်းဆီးတရားစွဲဆိုခြင်း၊ သံသယဖြင့် ပစ်မှတ်ထား စောင့်ကြည့်လာခြင်းများအပြင် စစ်ဘေးရှောင်များအတွက် အလှူခံသည့် လူမှုကူညီရေးအဖွဲ့များကို ခေါ်ယူသတိပေးခြင်းများ လုပ်ဆောင်လာပြီးနောက် လူမှုကူညီရေးအဖွဲ့များမှာ ယခင်ကဲ့သို့ တက်ကြွစွာ မလုပ်ဆောင်နိုင်ကြခြင်းဖြစ်သည်။

By Admin 06 Jan 2023

လုံခြုံရေးအာမခံချက်မရှိ၍ ရခိုင်က လူမှုကူညီရေးအဖွဲ့များ လှုပ်ရှားမှုအားနည်းလာ

၂၀၁၉ ခုနှစ်က စစ်တွေမြို့တွင် ပရဟိတအဖွဲ့တစ်ခုက စစ်ဘေးရှောင်များအတွက် အလှူခံရာ ခွင့်ပြုချက်မရှိဟုဆိုပြီး ရဲတပ်ဖွဲ့က တားဆီးနေစဉ်။ 

DMG၊ ဇန်နဝါရီ ၆
စစ်ဘေးရှောင်အရေးအပါအဝင် လူမှုကူညီရေးကိစ္စရပ်များကို တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေကြသည့် ရခိုင်ပြည်အတွင်းမှ ပရဟိတအဖွဲ့များနှင့် လူမှုရေးတက်ကြွလှုပ်ရှားသူများမှာ အခက်အခဲများနှင့် ကြုံတွေ့နေရသဖြင့် ကူညီဆောင်ရွက်မှုများမှာလည်း အားနည်းလာနေသည်ဟု သိရသည်။

စစ်ကောင်စီသည် ပရဟိတအသင်းအဖွဲ့ဝင်များကို ဖမ်းဆီးတရားစွဲဆိုခြင်း၊ သံသယဖြင့် ပစ်မှတ်ထား စောင့်ကြည့်လာခြင်းများအပြင် စစ်ဘေးရှောင်များအတွက် အလှူခံသည့် လူမှုကူညီရေးအဖွဲ့များကို ခေါ်ယူသတိပေးခြင်းများ လုပ်ဆောင်လာပြီးနောက် လူမှုကူညီရေးအဖွဲ့များမှာ ယခင်ကဲ့သို့ တက်ကြွစွာ မလုပ်ဆောင်နိုင်ကြခြင်းဖြစ်သည်ဟု ကူညီရေးလုပ်ကိုင်သူများက ဆိုကြသည်။

“ပရဟိတလုပ်ကိုင်နေသူတွေက သွားလာရတဲ့ လမ်းကြောင်းတွေကလည်း မလုံခြုံဘူး။ ပရဟိတသမားတွေမှာလည်း အာမခံချက်မရှိဘူး။ စစ်ဘေးရှောင်တွေအတွက် ရိက္ခာတွေယူရင်လည်း အေအေကို ထောက်ပံ့တယ်လို့ သံသယဝင်ပြီး အဖမ်းအဆီးတွေ လုပ်တယ်။ သူတို့(စစ်ကောင်စီ)က ပရဟိတသမားတွေကို ပရဟိတသမားတွေလို့ မမြင်ဘူး”ဟု မြေပုံမြို့နယ်ရှိ ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရခိုင်စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့်‌ အရှင်သဘာဝနဒီ ကလည်း ရခိုင်မှ ပရဟိတအဖွဲ့များနှင့် လှုမှုရေးတက်ကြွလှုပ်ရှားသူများမှာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတို့ကြောင့် ပရဟိတလုပ်ငန်းများကို ယခင်ထက် လှုပ်ရှားမှုများ နည်းပါးလာခြင်းဖြစ်သည်ဟု  မိန့်ကြားသည်။

“စိတ်ဓာတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးလုပ်တယ်လို့ မြင်တယ်။ စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်ဖက် CSO တွေ ကို တစ်နည်းမဟုတ်တစ်နည်းနဲ့ စိတ်ဒဏ်ရာတွေပေးတာ၊ ဖိအားတွေပေးတာ။ အဲဒီပုဂ္ဂိုလ်တွေကို တိုက်ရိုက်ဖြစ်စေ၊ မိသားစုတွေကိုဖြစ်စေ အကြောင်းအမျိုးမျိုးရှာပြီး လုပ်တယ်” ဟု အရှင်သဘာဝနဒီက မိန့်သည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်စစ်ရေးပြင်းထန်နေချိန်က မြန်မာစစ်တပ်သည် ရခိုင်မှ ပရဟိတအသင်းအဖွဲ့ဝင်များနှင့် လူမှုရေးတက်ကြွလှုပ်ရှားသူများ ဖမ်းဆီးတရားစွဲဆိုခြင်းများ ရှိခဲ့သည်။ 

မင်းပြားမြို့နယ်မှ သင်္ဂဟကမ်းလက်ရက္ခိတအသင်း ဥက္ကဌ ကိုအမ်းသားကြီး (ခ) ကိုသန်းရွှေမှာ ရာဇသတ်ကြီးပုဒ်မ - ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရပြီး မောင်တောမြို့ ကရုဏာကွန်ရက်မှ ဥက္ကဌနှင့် ဘဏ္ဍာရေးမှူးတို့မှာလည်း မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) (၂) ဖြင့် အမှုဖွင့်ခံထားရသည်။ 

ထို့အပြင် ကျောက်တော်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ လူထုဇော်ဝင်း(ခ) ကိုဇော်ဝင်းမှာလည်း နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာပုဒ်မ - ၅၀၅ (က)ဖြင့် တရားစွဲခံထားရပြီး လူမှုရေးကိစ္စများတွင် တက်ကြွစွာလုပ်ကိုင်နေသည့် တောင်ကုတ်မြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဌဟောင်း ကိုဇေယျကျော်မှာလည်း တစ်လကျော်ကြာ ဖမ်းဆီးစစ်ဆေးခံရပြီးမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

ထိုအခြေအနေများကြောင့် ရခိုင်ပြည်အတွင်းမှ ပရဟိတအဖွဲ့များနှင့် လူမှုကူညီရေးလုပ်ကိုင်သူများမှာ လက်ရှိတွင် လူမှုကူညီရေးလုပ်ငန်းများကို ပေါ်ပေါ်ထင်ထင် မလုပ်ရဲကြတော့ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဦးခိုင်ကောင်းစံက သုံးသပ်ပြောဆိုသည်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာ CSO တွေကို စောင့်ကြည့်တာတွေကို တွေ့ရတယ်။ ပရဟိတသမားတွေကို ဖမ်းဆီးတာ၊ တက်တက်ကြွကြွလှုပ်ရှားသူတွေကို တရားမဝင်အသင်းတွေနဲ့ ဆက်နွယ်တယ်၊ အကြမ်းဖက် ပုဒ်မတွေနဲ့ ငြိစွန်းတယ်ဆိုပြီး ဖမ်းဆီးမှုတွေရှိလာတယ်။ အဲဒီအပေါ်မှာ စိုးရိမ်ကြတယ်။ စိုးရိမ်မှုတွေကြောင့် ရှေ့မထွက်ရဲကြတော့ဘူး။ အဲဒါကြောင့် လူမှုကူညီရေးအလုပ်တွေကို ပေါ်ပေါ်ထင်ထင်လုပ်ကြတာကို မတွေ့ရတော့ဘူး” ဟု ဦးခိုင်ကောင်းစံက ပြောသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် စစ်ကောင်စီက ပြဌာန်းလိုက်သည့် “အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ” ထဲမှ  ပုဒ်မ ၃၃ တွင် မည်သူမျှ မှတ်ပုံတင်လက်မှတ်မရှိဘဲ အသင်းအဖွဲ့ကို ဖွဲ့စည်းလှုပ်ရှားခြင်းမပြုရ ဟု ပါရှိသည်။ အဆိုပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ်သုံးနှစ်အထိ ဖြစ်စေ၊ ကျပ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။ 

ထို့ကြောင့် လူမှုကူညီရေးလုပ်ကိုင်သူများအနေဖြင့် စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ရန်အတွက် အခက်အခဲများကြုံနေရသည်ဟု လူမှုရေးကိစ္စရပ်များလုပ်ကိုင်နေသည့် စစ်တွေမြို့မှ လူငယ်တစ်ဦးက ပြောသည်။

“လူငယ်တွေစုပြီး စစ်ဘေးရှောင်တွေအတွက် စားရိက္ခာတို့ အဝတ်အထည်တို့ သွားလှူဖို့ဆိုရင် အရင်လို မရတော့ဘူး။ မြို့ပြင်ကို အဲဒီရိက္ခာတွေကိုတင်ပြီး ထွက်တာနဲ့ သူတို့က စစ်ဆေးတော့တာပဲ။ အရင်ဆိုရင် သူငယ်ချင်းတွေစုပြီး သွားလှူကြတယ်လေ။ အခုက စစ်ဆေးမှုတွေကြောင့် အဲဒီလိုသွားလှူမှာကို မသွားဘဲ ရပ်ထားရတယ်။ ကိုယ့်အတွက် အာမခံချက်မရှိဘူးလေ။ အဲဒီလို ဥပဒေတွေပြဌာန်းလိုက်တော့ အရင်လို လွတ်လွတ်လပ်လပ် လုပ်လို့မရတော့ဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ပြဌာန်းလိုက်သည့် “အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ”မှာ အသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရပ်တည်ချက်များကို ကန့်သတ်ထိန်းချုပ်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အသင်းအဖွဲ့များနှင့် နိုင်ငံရေးသမားများက ရှုမြင်ထားကြသည်။

ရခိုင်တွင် တကျော့ပြန်စစ်ရေးတင်းမာနေချိန်က စစ်ကောင်စီသည် လုံခြုံရေးကို အကြောင်းပြပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်သို့ NGO/INGO အဖွဲ့အစည်းများ ခရီးသွားလာခွင့်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ပိတ်ပင်ခဲ့ပြီး နိုဝင်ဘာလတွင် ကျောက်တော်နှင့် ပေါက်တောမြို့နယ်တို့ကို ထပ်မံပိတ်ပင်ခဲ့သည်။

စစ်ကောင်စီနှင့် AA တို့ကြား လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အပစ်ခတ်ရပ်စဲထားကြသော်လည်း စစ်ကောင်စီမှ NGO/INGO အဖွဲ့များကို လက်ရှိအချိန်ထိ ခရီးသွားလာခွင့် ပိတ်ပင်ထားဆဲဖြစ်သည်။

ပရဟိတအဖွဲ့များနှင့် လူမှုကူညီရေးလှုပ်ရှားသူများထံမှ အကူအညီရရှိမှု အားနည်းနေမှုအပြင် NGO/INGO အဖွဲ့များကို သွားလာခွင့် ပိတ်ပင်ထားမှုများကြောင့် ရခိုင်ပြည်အတွင်းမှ စစ်ဘေးရှောင်များမှာ စားဝတ်နေရေးခက်ခဲမှုများကို ပို၍ ကြုံတွေ့နေကြရသည်။ 

#R005

ဗီဒီယိုများ