စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် မင်းပြား စျေးချောင်း တိမ်ကောလာနေ

မင်းပြားမြို့ မြို့မစည်ပင်စျေးအနီးရှိ စျေးချောင်းတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု များပြားလာနေသောကြောင့် ရေစီး၊ ရေလာ ပိတ်ဆို့မှုနှင့် ချောင်းတိမ်ကောလာနေကြောင်း စုံစမ်းသိရှိရသည်။

By Admin 19 Dec 2022

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် မင်းပြား စျေးချောင်း တိမ်ကောလာနေ

စျေးချောင်းအတွင်း အမှိုက်များ စုပုံနေမှုအား တွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၁၉

မင်းပြားမြို့ မြို့မစည်ပင်စျေးအနီးရှိ စျေးချောင်းတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု များပြားလာနေသောကြောင့် ရေစီး၊ ရေလာ ပိတ်ဆို့မှုနှင့် ချောင်းတိမ်ကောလာနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ စျေးချောင်းသည် လေးမြို့မြစ်၊ (ဒေသအခေါ် ရာမောင်မြစ်)မှ ဖြတ်ဝင်နေသည့် ချောင်းတက်တစ်ခုဖြစ်ပြီး ယင်းစျေးအနီးမှ ကင်းဆိပ်ရပ်ကွက်အထိ မြို့ပေါ်ရပ်ကွက်များသို့ ဖြတ်သန်းစီးဝင်နေခြင်းဖြစ်ကာ အရှည်တစ်မိုင်ခန့်နှင့် အကျယ် ပေ ၅၀ ကျော် ရှိကြောင်းသိရသည်။

''ကျနော် မြင်တာကတော့ အစိုးရရဲ့ ဝန်ဆောင်မှု အားနည်းတဲ့အတွက် အခုလို အမှိုက်တွေ စုပုံလာတာလို့ မြင်တယ်။ နောက်တစ်ခုက ပြည်သူတွေကို အသိပညာပေးတာတွေ အားနည်းတာလဲပါတယ်။ အဲဒါတွေကြောင့် အခုချောင်းက တိမ်ကောလာပြီး အနံ့ဆိုးတွေ ထွက်နေတယ် '' ဟု စျေးဟောင်းရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

ချောင်းတိမ်ကောလာသည့်ကိစ္စနှင့် ပတ်သက်၍ မင်းပြားမြို့ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းမြင့်ကို DMG က ဆက်သွယ်ရာတွင် '' ကျနော်တို့က အသိပညာပေးစာတွေ၊ ဗီနိုင်းတွေ ကပ်ထားတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ စည်းကမ်းလိုက်နာမှု အားနည်းကြတယ်။ ချောင်းမှာ အမှိုက်ပစ်တာကိုက အကျင့်တစ်ခုလို ဖြစ်နေကြတာ '' ဟု ဦးသန်းမြင့်က ပြောသည်။

ထို့အပြင် ယင်းချောင်း တလျောက်တွင် ဖွင့်လှစ်ထားသည့် သစ်စက်နှင့် ဆန်စက်များ၏ စွန့်ပစ်အမှိုက်များကြောင့်လည်း ချောင်းတိမ်ကောလာမည့်အရေးနှင့် ကြုံတွေ့နေရခြင်းဖြစ်ကာ စည်ပင်ဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရနိုင်ကြောင်း ဦးသန်းမြင့်က ဆက်ပြောသည်။

'' ဒီချောင်း တလျောက်မှာ ဆန်စက်တွေ၊ သစ်စက်တွေရှိတယ်။ ဒီကထွက်သမျှ ပစ္စည်းတွေက အဲချောင်းကို ချကြတာရှိတယ်။ ကျနော်တို့က စျေးကထွက်တဲ့ အမှိုက်တွေကိုကျတော့ သိမ်းဆည်းပေးပါတယ်။ ရေရှည်အစီအစဉ်အနေနဲ့ဆိုရင်တော့ ဒီချောင်းကို တူးမှပဲရမယ်'' ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုးထံသို့ DMG က ဆက်သွယ်ခဲ့ရာတွင်လည်း '' ကျနော်တို့တော့ ဘာမှ မကြားရသေးဘူး။ ကြားရရင်တော့ ပြန်ပြောပေးပါမယ် '' ဟု ပြန်လည်ဖြေကြားခဲ့သည်။

ယင်းစျေးချောင်းအတွင်း ယခင်က သမ္ဗာန်များ၊ ဘုတ်များ၊ စက်လှေများ အချိန်မရွေးဖြတ်သန်းသွားလာနိုင်သော်လည်း လက်ရှိတွင် စွန့်ပစ်အမှိုက်များစုပုံနေသည့်အတွက် စက်လှေများ ဝင်ရောက်သွားလာရန် အခက်အခဲဖြစ်ပေါ်နေရကြောင်း စျေးဟောင်းပိုင်းရပ်ကွက်မှ ကိုမျိုးသန့်ဇော်က ပြောသည်။

'' အခုက ဒီရေတက်ရင်တောင်မှပဲ ရေက ခြေထောက်လောက်ပဲ ရောက်တော့တာ။ ဒီရေကျချိန်ဆိုရင် အမှိုက်တွေ စုပုံနေပြီး အနံ့ဆိုးတွေပါ ထွက်နေတော့တာ။ ကြာရင် ချောင်းက တိမ်ကောပြီးတော့ ဘာစက်လှေမှ ဝင်မရဘဲ ဖြစ်တော့မှာ '' ဟု ၎င်းက ပြောသည်။

စျေးချောင်းအတွင်း အမှိုက်များစုပုံနေရခြင်းမှာ စျေးနှင့် ချောင်းတလျောက်ရှိ ရပ်ကွက်များမှ အမှိုက်ကို စည်းကမ်းမဲ့စွန့်ပစ်သည့်အတွက်ဖြစ်ကြောင်း ကိုမျိုးသန့်ဇော်၏ ပြောဆိုချက်အရ သိရသည်။

'' အဓိကတော့ စျေးအမှိုက်တွေပေါ့၊ စျေးကလူတွေက ကလေးတွေကို ငွေပေးပြီး စျေးနောက်ဖက်က အဲဒီချောင်းကို အမှိုက်ပစ်ခိုင်းတာတွေ ရှိတယ်။ ပြီးတော့ မြို့ပေါ်ရပ်ကွက်က လူတွေကလည်း ညဆိုရင် ဦးစိုးတင့်တံတားပေါ်ကနေ အမှိုက်ခိုးပစ်ကြတာတွေပါ ရှိတယ် '' ဟု ကိုမျိုးသန့်ဇော်က ပြောသည်။

အဆိုပါ စျေးချောင်းကို အသုံးပြုကာ စက်လှေများဖြင့် နယ်ဘက်မှ စျေးလာဝယ်သူများရှိသလို မြို့ခံတချို့မှာလည်း ပစ္စည်းသယ်ယူပို့ချနေရသည့်အတွက် ချောင်းတိမ်ကောလာမည့်အရေးကို စိုးရိမ်နေကြခြင်းဖြစ်ပြီး သက်ဆိုင်ရာ ဌာနများအနေနဲ့ တာဝန်ယူ ဖြေရှင်းပေးစေလိုကြောင်း မြို့သစ်ရပ်ကွက်မှ ဦးမျိုးမင်းအောင်က ပြောသည်။

'' အမှိုက်တွေပစ်ကြတော့ ချောင်းက တိမ်လာတယ်။ တစ်ခုခုဆို ဒီရေတက်တဲ့အချိန်ကို စောင့်ပြီးမှပဲ လှေတွေဝင်လို့ ရတော့တယ်။ အခု ဒီီချောင်းကိုမှီပြီး လုပ်စားနေတဲ့လူတွေအတွက် အခက်အခဲတွေ ဖြစ်နေရသလို မြို့ရေစီး၊ ရေလာအတွက်လည်း စိုးရိမ်စရာတွေ ဖြစ်လာနိုင်တာမို့ သက်ဆိုင်ရာတွေအနေနဲ့ တာဝန်ယူဖြေရှင်းပေးစေချင်တယ်'' ဟု ၎င်းက ပြောသည်။

ရခိုင်တွင် ခရိုင်မြို့များဖြစ်သည့် စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူစသည့် မြို့ကြီးများတွင်လည်း မြစ်၊ချောင်း နေရာများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများရှိနေသောကြောင့် စည်ပင်ဌာန၏ အမှိုက်သိမ်းဆည်းမှုစနစ်လုပ်ဆောင်နေမှုအပေါ် ဝေဖန်မှုများရှိနေကြသည်။

ဗီဒီယိုများ