ဂွမြို့နယ်တွင် မွတ်ဆလင် ၄၆ ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဒေါင်းချောင်းကျေးရွာအုပ်စု၊ ဗောဓိကျေးရွာအနီး တောစပ်တွင် အောက်တိုဘာလ ၂၆ ရက်၊ နံနက်(၁၀)နာရီကျော်က မွတ်ဆလင်(၄၆)ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

By Admin 27 Oct 2022

ဂွမြို့နယ်တွင် မွတ်ဆလင် ၄၆ ဦး ဖမ်းဆီးခံရ

ဂွမြို့နယ်တွင် ဖမ်းဆီးခံရသည့် မွတ်ဆလင်များအားတွေ့ရစဉ်။ (ဓာတ်ပုံ- ရခိုင်နေ့စဉ်)

DMG ၊ အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဒေါင်းချောင်းကျေးရွာအုပ်စု၊ ဗောဓိကျေးရွာအနီး တောစပ်တွင် အောက်တိုဘာလ ၂၆ ရက်၊ နံနက်(၁၀)နာရီကျော်က မွတ်ဆလင်(၄၆)ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မွတ်ဆလင်များမှာ စစ်တွေနှင့် မောင်တောမြို့နယ်တို့မှဖြစ်ကြပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ပွဲစားမှခေါ်ယူ၍ ဗောဓိကျေးရွာအနီးတောစပ်တွင် ခေတ္တနေထိုင်ရန် ကားပေါ်မှ ချထားခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းချောင်းအုပ်စု ရပ်/ကျေးစာရေး ကိုစိုးဦးကဆိုသည်။

“သူတို့က မောင်တောနဲ့ စစ်တွေက မွတ်ဆလင်တွေလို့သိရတယ်။ ပွဲစားက မလေးရှားကို ပို့ပေးမယ်၊ ငွေဘယ်လောက် ပေးရမယ်ဆိုပြီး ခေါ်လာတာလို့ သူတို့ကပြောတယ်။ အဲဒီရွာနားကိုရောက်တာ (၁၂)ရက်လောက်ရှိပြီလို့ပြောတယ်။ ကားသမားက ပြန်လာမယ်ဆိုပြီး အဲဒီနားမှာ ချထားခဲ့တာ။ အစားအသောက် မစားရတဲ့အခါ လမ်းပေါ်ရောက်လာပြီး တောင်းစားတဲ့အခါ လူတွေတွေ့သွားပြီး သက်ဆိုင်ရာတွေက ရောက်လာပြီး ဖမ်းဆီးသွားခဲ့တယ်”ဟု သူကဆိုသည်။

ဖမ်းဆီးခံရသည့် မွတ်ဆလင်(၄၆)ဦးထဲတွင် အမျိုးသား(၂၈)ဦးနှင့် အမျိုးသမီး ၁၈ ဦး ပါဝင်ပြီး အသက်(၁၈)နှစ် ပြည့်ပြီးသူများဖြစ်ကြောင်း သိရသည်။

လက်ရှိ ယင်းဖမ်းဆီးရမိသော မွတ်ဆလင်များကို မြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းကာ စစ်ဆေးလျှက်ရှိနေကြောင်း ဂွမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။

“အခုတော့ စခန်းမှာ ထိန်းသိမ်းထားတယ်။ ပွဲစားက မလေးရှားကိုပို့ပေးမယ်၊ တစ်ယောက်ကို သိန်း ၈၀ ပေးရမယ်ဆိုပြီး ခေါ်လာတာလို့ ကျနော်တို့စစ်ဆေးတဲ့အခါ ပြောတယ်။ ပွဲစားက (၂)ယောက်လို့ပြောတယ်။ အခုတော့ စခန်းမှာထားတယ်။ သူတို့ကို လဝက က ဘယ်လိုလုပ်မယ်ဆိုတာကိုတော့ မသိသေးဘူးပေါ့”ဟု ၎င်းရဲအရာရှိက ပြောသည်။

အလားတူ အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း မောင်တောမြို့၊ အလယ်သံကျော်ကမ်းခြေအနီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားသို့ သွားရန်လာသည့် ဘင်္ဂလားဒေ့နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းများကို အသားပေးဖော်ပြနေသည့် ရခိုင်နေ့စဉ်သတင်းမှ ရေးသားထားသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၂ ရက်နေ့ကလည်း ဂွမြို့နယ်၊ ဒေါင်းချောင်းကျေးရွာအနီးရှိ တောတွင် မွတ်ဆလင် ၁၉ ဦး ဖမ်းဆီးခံခဲ့ရပြီး ယင်းဖမ်းဆီးခံရသည့် မွတ်ဆလင်များကို လဝကအက်ဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ဗီဒီယိုများ