ဆောင်းရာသီဝင်လာ၍ စစ်ဘေးရှောင်များအတွက် စောင်နှင့် အနွေးထည်များလိုအပ်နေ

ဆောင်းရာသီသို့ ဝင်ရောက်လာပြီဖြစ်သဖြင့် စစ်ဘေးရှောင်များအတွက် အအေးဒဏ်ကိုကာကွယ်နိုင်ရန် စောင့်နှင့် အနွေးထည်များ လိုအပ်နေသည်ဟု ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောဆိုကြသည်။

By Admin 16 Nov 2022

ဆောင်းရာသီဝင်လာ၍ စစ်ဘေးရှောင်များအတွက် စောင်နှင့် အနွေးထည်များလိုအပ်နေ

ရခိုင်ပြည်အတွင်း တိုက်ပွဲစတင်ခဲ့သည့် ၂၀၁၈ ခုနှစ်က စစ်ဘေးရှောင်ပုံရိပ်များကို တွေ့ရစဉ်။

DMG ၊ နိုဝင်ဘာလ ၁၆

ဆောင်းရာသီသို့ ဝင်ရောက်လာပြီဖြစ်သဖြင့် စစ်ဘေးရှောင်များအတွက် အအေးဒဏ်ကိုကာကွယ်နိုင်ရန် စောင့်နှင့် အနွေးထည်များ လိုအပ်နေသည်ဟု ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောဆိုကြသည်။

ရခိုင်ပြည်အတွင်းတွင် ယခင်တိုက်ပွဲကာလက စစ်ဘေးရှောင်တိမ်းခဲ့ရသူ ၂ သိန်းကျော်ထဲမှ လူဦးရေ ၆ သောင်းကျော်မှာ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြရသည်။ ယခု တကျော့ပြန်တိုက်ပွဲတွင်လည်း စစ်ဘေးရှောင်များ ထပ်တိုးလာနေသည်။

ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တကျော့ပြန်တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဩဂုတ်လမှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ စစ်ဘေးရှောင်ဦးရေ ၁၆၀၀၀ တိုးလာခဲ့ပြီး ယခင်စစ်ဘေးရှောင်ဦးရေနှင့် ပေါင်းပါက စစ်ဘေးရှောင်ဦးရေစုစုပေါင်း ၉၀၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့တဲ့နှစ်ဆောင်းရာသီတွင် စစ်ဘေးရှောင်များအတွက် စောင်နှင့် အနွေးထည်များ လာရောက်ထောက်ပံ့မှုရှိခဲ့သော်လည်း လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ထပ်တိုးလာသောကြောင့် စောင်နှင့် အနွေးထည်များ မလုံမလောက်ဖြစ်နေရသည်ဟု စခန်းတာဝန်ရှိသူများကပြောသည်။

“အခုလက်ရှိ ဆောင်းရာသီလည်း ရောက်နေပြီဆိုတော့ ကလေးငယ်တွေအတွက် အနွေးထည်တွေ၊ ဖျားနာရင်သောက်ဖို့ ဆေးတွေ လိုအပ်နေပါတယ်။ ကျနော်တို့မှာက တာလဘက်နဲ့ မိုးထားတာဆိုတော့ အအေးဒဏ်တွေ ကာကွယ်မပေးနိုင်ဘူး။ အဲဒါကြောင့် ကလေးငယ်တွေအတွက် နှာစည်းချောင်းဆိုးဖြစ်မှာ စိုးရိမ်နေရတယ်”ဟု ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ဦးနိုင်ထွန်းဝင်းကပြောသည်။

စစ်ဘေးရှောင်များ နေထိုင်နေရသည့် ယာယီတဲများမှာ ဝါး၊ တာပေါ်လိပ်စများနှင့် ဆောက်လုပ်ထားခြင်းဖြစ်သဖြင့် အအေးဒဏ်ကို ပိုပြီးခံစားရနိုင်သည်ဟုလည်း စခန်းတာဝန်ရှိသူများက ပြောဆိုကြသည်။

“ကျနော်တို့ စစ်ဘေးရှောင်စခန်းမှာ အကာတွေက ဝါးတွေ၊ တာလဘတ်အခင်းတွေဆိုတော့ အအေးက ပိုကြီးတာပေါ့။ မြို့ထဲကအိမ်တွေနဲ့ မတူဘူးလေ။ အအေးဒဏ်ကလည်းကြီးလာမယ်၊ လေလည်း တအားတိုက်လာမယ်ဆိုတော့ အခက်အခဲတွေရှိတာပေါ့”ဟု ကျောက်တော်မြို့နယ်၊ ကဝိရတနာစစ်ရှောင်စခန်း တာဝန်ခံ ဦးမောင်သိန်းရွှေက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ဆင်အင်းကြီး၊ ပဒေသာ၊ ယာချောင်း၊ အလယ်ကျွန်း၊ တန်းခိုး၊ ရေပေါက်ချောင်း၊ ရေဖြူကန်ကယ်ဆယ်ရေးစခန်းမှ စစ်ဘေးရှောင်များ၊ ကျော်ဇံ၊ ကျွဲထိုး စသည့်ကျေးရွာများမှ ဒေသခံငါးထောင်ခန့်မှာ ယခုရက်ပိုင်းအတွင်း လက်နက်ကြီးပစ်ခတ်မှုများနှင့် ကျေးရွာအတွင်း စစ်ကြောင်းဝင်ရောက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့၊ အင်ကြင်းတောရကျောင်းတွင် လူဦးရေ ၃၀၀ ကျော်ခန့်ခိုလှုံလျက်ရှိပြီး စားဝတ်နေရေးအပါအဝင် အဝတ်အထည်များ၊ အနွေးထည်များ အရေးပေါ်လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် ကျောင်းထိုင်ဆရာတော်က မိန့်သည်။

လတ်တလောတွင် အသစ်ရောက်ရှိလာသည့် စစ်ဘေးရှောင်များမှာ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ မြို့မဘုန်းကြီးကျောင်း၊ အင်ကြင်းတောရကျောင်းနှင့် သီရိမဇ္ဇူဘုန်းကြီးကျောင်းနှင့် ပိုးရွှီပြင်ကျေးရွာ၊ နားတောင်းကျကျေးရွာတို့တွင် ခိုလှုံလျက်ရှိကြောင်းလည်း သိရသည်။

“အမျိုးသမီးတွေအတွက် လစဉ်သုံးတွေ၊ အတွင်းခံတွေ လိုအပ်ပါတယ်။ ပြီးရင် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက် စောင်တွေ၊ အနွေးထည်တွေ လိုအပ်ပါတယ်။ သူတို့မှာက ပြေးလာရတာဆိုတော့ အဝတ်အစား တစ်ထည်တည်းနဲ့လေ”ဟု စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဆောင်းရာသီတွင် စစ်ဘေးရှောင်စခန်းထဲမှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များမှာ အအေးဒဏ်ကြောင့် နာမကျန်းဖြစ်မှုများရှိခဲ့ကြောင်းလည်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ဗီဒီယိုများ