NGO / INGO နှင့် လူမှုအဖွဲ့အစည်းများအား စားနပ်ရိက္ခာထောက်ပံ့ခွင့်ပြုရန် တောင်းဆို

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များအတွက် အဓိက စားနပ်ရိက္ခာထောက်ပံ့ပေးနေကြသည့် NGO/INGO နှင့် လူမှုအဖွဲ့အစည်းများအား လွပ်လပ်စွာကူညီခွင့်ပြုရန် ယနေ့ ကျရောက်သည့် (၇၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

By Admin 10 Dec 2022

NGO / INGO နှင့် လူမှုအဖွဲ့အစည်းများအား စားနပ်ရိက္ခာထောက်ပံ့ခွင့်ပြုရန် တောင်းဆို

ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးအားတွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၁၀

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များအတွက် အဓိက စားနပ်ရိက္ခာထောက်ပံ့ပေးနေကြသည့် NGO/INGO နှင့် လူမှုအဖွဲ့အစည်းများအား လွပ်လပ်စွာကူညီခွင့်ပြုရန် ယနေ့ ကျရောက်သည့် (၇၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

စစ်ကောင်စီအနေဖြင့် စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ခွင့် ပိတ်ပင်ထားခြင်းသည် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့် လုံးဝကိုက်ညီမရှိကြောင်း ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

“ကန့်သတ်ချက်တွေကို အစိုးရအနေနဲ့ကော လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ပါ လုံးဝ မကန့်သတ်သင့်ဘူး။ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းအရဆိုရင်လည်း လုံးဝ မတားသင့်ဘူး။ ပြည်သူတွေရဲ့အခက်အခဲကို ဝန်ဆောင်မှုပေးနေတဲ့အပိုင်းမှာ လက်လှမ်းမမှီနိုင်ဘဲ အများကြီးအခက်အခဲ ဖြစ်နေကြပါတယ်။ အဲဒီလုပ်ရပ်တွေကို ဒီနေ့ကျရောက်တဲ့ လူ့အခွင့်အရေးနေ့ကစလို့ ရပ်တန့်ပေးပါလို့ ပြောချင်တယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ကြား လူသားချင်းစာနာမှုကိုအခြခံ၍ အပစ်အခတ်ရပ်စဲထားသော်လည်း NGO/INGO နှင့် လူမှုအဖွဲ့အစည်းများအား ခရီးသွားလာခွင့် ကန့် သတ်ထားဆဲဖြစ်သဖြင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး အခက်အခဲရှိနေကြသည်။

ရခိုင်မှာ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုကို ဘက်ပေါင်းစုံကလုပ်ဆောင်နေပြီး ပြည်သူများမှာ လုံခြုံမှုကင်းမဲ့နေကြရသည်ဟု ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

“လမ်းပန်းဆက်သွယ်ရေး ကန့်သတ်ထားတော့ ပြည်သူတွေ၊ စစ်ဘေးရှောင်တွေမှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံတွေ့နေရတယ်။ တဖက်မှာလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အရေးပေါ် သွားလာခွင့်မရတဲ့အတွက် အသက်ဆုံးရှုံးသွားရတဲ့ အနေထားလည်းရှိတယ်” ဟု ဒေါ်ညိုအေးက ပြောသည်။

ရခိုင်ပြည်အတွင်း အခက်အခဲကြုံတွေ့နေကြရသူများအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Stephen Anderson က DMG ၏ မေးမြန်းမှုကို အီးမေးလ်မှတစ်ဆင့် ဖြေကြားထားသည်။

“စက်တင်ဘာလလယ်ကတည်းက WFP အထောက်အပံ့တွေကို မရရှိခဲ့ကြရတဲ့ ရခိုင်ပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာရှိကြတဲ့ ကျွန်တော်တို့ရဲ့ အကျိုးခံစားခွင့် ရှိသူတွေဆီကို ဒီအပစ်ခတ်ရပ်စဲရေး ကြေညာချက်ကြောင့် စားနပ်ရိက္ခာနဲ့ အခြားအသက်ကယ်ဆယ်ရေး အကူညီတွေ ပေးအပ်နိုင်ခွင့်ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ” ဟု Mr.Stephen Anderson က ပြောသည်။

လက်ရှိတွင် ပစ်အခတ်ရပ်စဲထားပြီသဖြင့် ရခိုင်နှင့်ချင်းပြည်နယ်၊ ပလက်တို့တွင် ရေလမ်းနှင့် ကုန်းလမ်းကြောင်းတို့မှ လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီခွင့်ရရှိရန် မျှော်လင့်နေကြောင်းလည်း ယမန်နေ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ UNOCHA က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လမှစတင်ခဲ့ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ကြားတိုက်ပွဲမှာ ၄ လခန့်ကာမြင့်ခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဒုတိယအကြိမ်အပစ်အခတ်ရပ် စဲခဲ့ကြသည်။

တိုက်ပွဲကာလအတွင်း ရခိုင်နှင့်ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် လာကြသည့် အရပ်သားပြည်သူ ၂၃၇၀၀ ဦးရှိခဲ့ကာ ယခင်နှင့်လက်ရှိပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရသူ ဦးရေ စုစုပေါင်း ၉၈၅၀၀ ကျော် ရှိလာပြီ ဖြစ်ကြောင်း UNOCHA ဒီဇင်ဘာ ၉ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

ဗီဒီယိုများ