တစ်ပတ်အတွင်းရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ)

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာအနီးတွင် အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီခန့်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချိန်ခါလီကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်

By Admin 01 Nov 2022

တစ်ပတ်အတွင်းရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ)

အောက်တိုဘာ ၂၃

-    ရခိုင်ပြည်၊ ဘူးသီးတောင်မြို့၊ မြို့မဈေးနှင့် ဆိပ်ကမ်းအနီးမှ ရခိုင်နှင့် မွတ်ဆလင်များအပါအဝင် ဒေသခံ ၂၀ ကျော်ကို အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် မြန်မာစစ်တပ်က စစ်ကား ၃ စီးဖြင့် လာရောက်ဖမ်းဆီးသွားခဲ့သည်။ 

-    ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) ထိန်းချုပ်နယ်မြေတွင် အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်က KIO အထိမ်းအမှတ်ပွဲ ပြုလုပ်နေစဉ် မြန်မာစစ်တပ်က လေကြောင်းမှ လာရောက်ဗုံးကြဲမှုကြောင့် KIA အရာရှိများ၊ လုပ်ငန်းရှင်များ၊ အနုပညာရှင်များနှင့် အရပ်သားပြည်သူလူထု စုစုပေါင်း (၆၀)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်း အခြေစိုက်မီဒီယာများနှင့် ဒေသခံများထံမှ သိရသည်။

-    ရခိုင်ပြည်၊ သံတွဲမြို့မှ တေးရေးဆရာလည်းဖြစ်သူ ရခိုင်အားမာန်ကားဂိတ်ပိုင်ရှင် ဦးစန်းကိုအား မြန်မာစစ်တပ်က အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဖမ်းဆီးသွားခဲ့သည်။

အောက်တိုဘာ ၂၄

-    မုန်တိုင်းအရှိန်ကြောင့် ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာနှင့် သဲခုံကျေးရွာတို့တွင် လူနေအိမ်များနှင့် စက်လှေများ ပျက်စီးဆုံရှုံးခဲ့ပြီး ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရသည်။ 

-    မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေမှုများကြောင့် ရခိုင်ပြည်အတွင်းက မြို့နယ်အချို့တွင် စိုက်ပျိုးထားသည့် စပါးစိုက်ခင်းများကို ရိတ်သိမ်းရန်အတွက် အခက်အခဲဖြစ်နေကြသည်။

-    ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်မှ စစ်ဘေးရှောင်များအနေဖြင့် အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မိမိနေရပ်သို့ မပြန်လျှင် ကျူးကျော်မြေတွင် နေထိုင်သူများအဖြစ် သတ်မှတ်ကာ အရေးယူမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုလိုက်ကြောင်း သိရသည်။

-    ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊အမြင့်ကျွန်း မင်းချောင်းတံတားဦးတွင် ဖမ်းဆီးခြင်းခံရသည့် စက်လှေပိုင်ရှင် ၉ ဦးမှာ ပြည်တွင်းရေကြောင်းသွားရေယာဉ် ဥပဒေပုဒ်မ ၄၃ ဖြင့် အမှုဖွင့်ခံထားရသည်။ 

အောက်တိုဘာ ၂၅

-    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းကို အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာစစ်တပ်မှ ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

-    ကျောင်းသားအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုကြောင့် မတူကွဲပြားသည့် အသိုင်းအဝိုင်းနှစ်ခုကြားတွင် ဖြစ်ပျက်နေသောအရာများ၊ ပျက်ပြယ်နေသော ဆက်ဆံရေးများကို ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း ရခိုင်နှင့် မွတ်ဆလင် ကျောင်းသားလူငယ်များက ပြောခဲ့သည်။

-    အောက်တိုဘာ ၂၃ ရက် ည ၈ နာရီခွဲအချိန်က KIA တပ်မဟာ(၉)နယ်မြေ အနန့်ပါကျေးရွာတွင် (၆၂)နှစ်ပြည့် KIO တည်ထောင်ခြင်း နှစ်ပတ်လည်အခမ်းအနား ကျင်းပနေစဉ် စစ်တပ်မှ ဂျက်တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လူပေါင်းများစွာ အသက်သေဆုံးခဲ့သည့် ဝမ်းနည်းဖွယ်ဖြစ်ရပ်ကို တော်လှန်ရေး ခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ဗဟိုမှ ထုတ်ပြန်ခဲ့သည်။

-    ရခိုင်က စာရေးဆရာ၊ နိုင်ငံရေးသမား ဦးကျော်သန်း(ခ)ဘိုးကျော်သန်း အသက်(၈၈)နှစ်မှာ စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက် စစ်ကဲလမ်းရှိ နေအိမ်တွင် အောက်တိုဘာလ ၂၅ ရက်၊ ညနေ ၇ နာရီ ၄၀ မိနစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

-    စစ်တပ်မှ အာဏာသိမ်းယူပြီး တစ်နှစ်ခွဲကျော်အတွင်း နိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင် ၁ ဒသမ ၆ သန်းကျော်အထိ ရှိလာကြောင်း နိုင်ငံရေးသုတေသနအဖွဲ့တစ်ခုဖြစ်သည့် မြန်မာ့မဟာဗျုဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ(ISP-Myanmar)က အောက်တိုဘာ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၂၆

-    တိုက်ပွဲဖြစ်ပွားနေမှုကြောင့် အကျပ်ရိုက်နေကြသည့် ရခိုင်က လယ်သမားများမှာ မုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးထားသည့်စပါးခင်းများ ပျက်စီဆုံရှုံးမှုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။ 

-    မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသည့် ရခိုင်ပြည်အတွင်းမှ စစ်ဘေးရှောင်များမှာ ယခုအခါ အအေးဒဏ်ကို စတင်ကြုံတွေ့လာရပြီး ဆောင်တွင်းကာလအတွက် အနွေးထည်နှင့်စောင်များ လိုအပ်လျက်ရှိနေသည်။

-    ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာအနီးတွင် အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီခန့်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချိန်ခါလီကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

-    ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်ခြေရှိ မြန်မာစစ်တပ် (၅၃၉)တပ်ရင်းမှ လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေမှုကြောင့် ကျောက်တော်မြို့နယ်မှ ချောင်းတူ၊ ကွမ်းအုံစု၊ ရွက်ညိုတောင်၊ ဒေဝန်း စသည့်ကျေးရွာများနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဗုဒ္ဓေါ၊ အောင်မင်္ဂလာ(ပက်ခွက်ဆိပ်)ကျေးရွာတို့မှ ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

-    ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဒေါင်းချောင်းကျေးရွာအုပ်စု၊ ဗောဓိကျေးရွာအနီး တောစပ်တွင် အောက်တိုဘာလ ၂၆ ရက်၊ နံနက်(၁၀)နာရီကျော်က မွတ်ဆလင်(၄၆)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

အောက်တိုဘာ ၂၇

-    ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့် ရခိုင်ပြည်အတွင်းက ပို့ကုန်အရည်အသွေးမှီ ဆန်တန်ချိန် ၂၅၀၀ ကို လာမည့်ဒီဇင်ဘာလတွင် ရောင်းချရန်စီစဉ်ထားကြောင်း ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

-    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အောက်တိုဘာလ ၂၅ နှင့် ၂၆ ရက်နေ့တို့တွင် ဖမ်းဆီးခံခဲ့ရသည့် မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းလေးဦးအနက်  ဦးညီညီတင်(၄၅ နှစ်)နှင့် ဦးထွန်းထွန်းနိုင်(၄၅ နှစ်)တို့ကို ပြန်လွှတ်ပေးခဲ့ပြီး ဦးစီးမှူး ဦးထွန်းထွန်းဝင်း (၅၂ နှစ်)နှင့် မြေတိုင်းစာရေး ဦးခင်မောင် (၃၈ နှစ်) တို့ကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားခဲ့သည်။

-    ရခိုင်ပြည်၊ ဘူးသီးတောင်မြို့၊ မြို့မဈေးနှင့် ဆိပ်ကမ်းအနီးတို့တွင် အောက်တိုဘာလ ၂၃ ရက်နေ့က မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ရခိုင်နှင့် မွတ်ဆလင်များအပါအဝင် ဒေသခံ ၂၀ ကျော်အား ၄ ရက်ကြာသည့်တိုင် တွေ့ခွင့်မရသေးကြောင်း မိသားစုဝင်များကပြောခဲ့သည်။

-    မြန်မာစစ်တပ်မှ ကုန်းလမ်း၊ရေလမ်းများကို ပိတ်ဆို့ထားသောကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နှင့် ပေါက်တောမြို့နယ်တို့မှ အဝေးသင်ကျောင်းသား၊ကျောင်းသူအချို့မှာ မိမိနေရပ်သို့ မပြန်နိုင်ဘဲ ဖြစ်နေကြသည်ဟု သိရသည်။

-    မလေးရှားအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့သည့် ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့(ARRC)ရုံးမှ အဖွဲ့ဝင်များ အပါအဝင် ရခိုင်အလုပ်သမား ၁၈ ဦးကို အာဏာပိုင်များက ပြန်လွှတ်လိုက်ပြီဖြစ်သော်လည်း အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်။

-    ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ဖိုခေါင်ချောင်း(မွတ်ဆလင်)ကျေးရွာမှ ဘာသာရေးဆရာတစ်ဦးဖြစ်သည့် အသက်(၆၃)နှစ်အရွယ် ဦးနိုရူဆလင်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ ည (၆)နာရီခန့်တွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် စအိုတွင် ဒဏ်ရာရရှိခဲ့သည်။

-    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်လျက်ရှိသည့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အလိုမရှိကြောင်း ကန့်ကွက်သည့် ကမ်ပိန်းတစ်ခုကို ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်မည့် မဒေးကျွန်းအနီးက သံဇစ်မြစ်အတွင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။ 

အောက်တိုဘာ ၂၈

-    ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့နယ်တွင် မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းကိုခံထားရပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုပုဒ်မ- ၅၀၅(က)၊ မတရားသင်းအက်ဥပဒေပုဒ်မ- ၁၇(၁)နှင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)တို့ဖြင့် အမှုဖွင့်ခံထားရသည့် ဒေသခံ ရခိုင်တိုင်းရင်းသား(၁၃)ဦး၏ အခြေအနေကို တစ်စုံတစ်ရာမသိရသေးကြောင်း မိသားစုဝင်များက ပြောခဲ့သည်။ 

-    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်တွင်နေထိုင်သူ ဦးလှထွန်းသာ(ခ) ကျော်ကျော်(၄၉ နှစ်) နှင့် မြပြင်ရပ်ကွက်မှ ဦးဘဝိုင်းတို့ ၂ ဦးကို အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည်။ 

-    မြန်မာစစ်တပ်က အကြောင်းအမျိုးမျိုးပြပြီး ခေါ်ဆောင်သွားသည်ဆိုသည့် ကျောက်တော်မြို့နယ် ကာဒီ(ခ)သဇင်ရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း(၄၃)နှစ်နှင့် အပေါက်ဝကျေးရွာမှ ၎င်း၏မိတ်ဆွေဖြစ်သူ ကိုမောင်ချေ(၃၉)နှစ်ကို တစ်လခန့်ကြသည်အထိ မိသားစုက ဆက်သွယ်လို့မရသေးဟု မိသားစုဝင်များကဆိုသည်။

-    ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်AA နှင့်ဆက်စပ်ဟူသည့်စွပ်စွဲကာ အောက်တိုဘာလ နောက်ဆုံး အပတ်အတွင်း ဒေသခံ ၁၅ ဦးခန့်ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သည်။

အောက်တိုဘာ ၂၉

-    တကျော့ပြန် ပြင်းထန်လာသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဘဲငါးရာတောင်တက်ပွဲကို ယခုနှစ်တွင် ကျင်းပနိုင်မည် မဟုတ်ကြောင့် ဂေါပက အဖွဲ့ထံမှ သိရသည်။

-    ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ရုပ်သားရွာ ဘုန်းတော်ကြီးကျောင်းအား အောက်တိုဘာလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ပစ်ခတ်ခဲ့သဖြင့် ပျက်စီးမှုတချု့ ရှိခဲ့သည်။

-    ကလေးသုံးဦး ရေနစ်သေဆုံးမှုဖြစ်ပေါ်ခဲ့ပြီးနောက် စစ်တွေပွိုင့်ကမ်းခြေတွင် အများပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန် စစ်တွေဒေသခံများက တောင်းဆိုခဲ့ကြသည်။

-    ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းတွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ စစ်ရေးတင်းမာလာပြီးနောက် စစ်တပ်က ကားလမ်းများကို သြဂုတ်လမှစတင်ပြီး ၃ လနီးပါးကြာ ပိတ်ထားပြီး လက်ရှိတွင် ဒေသခံများမှာ တစ်ရွာနှင့် တစ်ရွာ သွားလာခြင်းနှင့် မောင်တောမြို့သို့သွားလာရန် ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာနှင့် နီးစပ်ရာရဲစခန်းမှ ထောက်ခံစာပါမှ သွားလာခွင့်ရရှိကြသည်။

-    ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ သာစည်ကျေးရွာမှ အသက်ကြီးပိုင်း အမျိုးသားများဖြစ်ကြသည့် ကျောင်းအုပ်ဆရာကြီး အငြိမ်းစား ဦးထွန်းအောင်ကျော်(၆၅)နှစ်၊ ရဲအငြိမ်းစားဦးအေးစိန် (၈၀)နှစ်၊ မြို့နယ်ထွေ/အုပ်စာရေး ဦးမောင်လှစိန် (၆၀)နှစ်၊ ဦးကျော်စိုးမိုး(၅၀)နှစ်၊ ဦးမောင်သာနု (၆၀)နှစ်နှင့် ခရိုင်ထွေ/အုပ်စာရေးကြီး ဦးကျန်ဝင်း (၅၀)နှစ်တို့ ၆ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည်။

-    ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ဆင်မကျော်(မြို)ကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၁၀ တန်းကျောင်းသူ မသိန်းသိန်းဇံ၏ ဘယ်ဖက်လက်တွင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။ 

-    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းကို အောက်တိုဘာ ၂၉ ရက် နံနက်က  ရဲနှင့်စစ်သား အင်အား ၂၀ ကျော်ခန့်က လက်နက်များကိုင်ဆောင် ဝင်ရောက်လာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

-    ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက် အကွက်(၃)မှ ရဲအငြိမ်းစား ဦးကျော်လှမောင်၏သား မောင်ညီချေ (၂၅) နှစ်ကို စစ်ကောင်စီတပ် စစ်သားများက ဦးခေါင်းကို သံတုတ်ဖြင့်ရိုက်သည့်အတွက် ဒဏ်ရာအပြင်းအထန်ရကာ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရသည်။ 

အောက်တိုဘာ ၃၀

-    ရခိုင်ပြည်၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ ယခုနှစ်အတွင်း ပျက်စီးဆုံးရှုံးမှု များစွာရှိနေသဖြင့် စပါးအထွက်နှုန်း လျော့ကျနိုင်သောကြောင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးကို အထူးသတိထား ကိုင်တွယ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက သတိပေးခဲ့သည်။

-    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ နံ့သာတောင်၊ သင်္ဘောလှ၊ သာယာကုန်း၊ ငွေတောင် စသည့် ကျေးရွာများတွင် လယ်ကွင်းထဲသို့ ညဉ့်အချိန် တောဆင်ရိုင်းများ ဝင်ရောက်မှုများကြောင့် စပါးခင်းများ ပျက်စီးဆုံးရှုံးမှု ရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

-    စစ်ကောင်စီသည် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကို အောက်တိုဘာလ ၂၉ ရက်နေ့က ပြဌာန်းလိုက်ပြီး ယင်းဥပဒေတွင် မြန်မာဘာသာစကားကို စာသင်ခန်းသုံး ဘာသာစကားအဖြစ် အသုံးပြုရမည်ဆိုသည့် အချက်လည်းပါဝင်သဖြင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကန့်ကွက်ခဲ့သည်။

-    ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်(အင်ဘာလာ)တွင် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး နေအိမ်လေးလုံး ဆုံးရှုံးခဲ့ရသည်။

အောက်တိုဘာ ၃၁

-    ရခိုင်က စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရသည့် အမျိုးသမီးများအတွက် သန္ဓေတားဆေးနှင့် အမျိုးသမီး လစဉ်သုံးပစ္စည်းများ လိုအပ်လျက်ရှိနေသည်။

-    ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီစိ(ရခိုင်)ရွာတွင် အောက်တိုဘာလ ၃၁ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ကျောက်တော်မြို့၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၉)မှ ပစ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တွင် အိပ်နေသည့် ဖခင်ဖြစ်သူ ဦးစိုးဝင်း(၄၅)နှစ်၊ မိခင်ဖြစ်သူ ဒေါ်သန်းသန်းဝေ (၄၄)နှစ်နှင့် သမီးဖြစ်သူ (၆)တန်းကျောင်းသူ မဖြိုးဖြိုးဝေ (၁၃)နှစ်တို့ မိသားစုဝင် ၃ ဦးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။ 

-    ဘူးသီးတောင်မြို့၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းအရှေ့တွင် ခိုလှုံနေထိုင်နေကြရသည့် စစ်ဘေးရှောင်နေအိမ် ၅၆ လုံး ကို စစ်ကောင်စီကဖယ်ရှားခဲ့ပြီးနောက် လူပေါင်း ၂၀၀ ခန့်မှာ နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်နေကြသည်။

-    ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာအနောက်ဘက်ရှိ တောင်တန်းများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သည်။ 

-    ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သင်္ဂနက် (ကမန်)ကျေးရွာမှ အုတ်ဖိုပိုင်ရှင်အသက် (၄၅)နှစ်အရွယ် ဒေါ်မအေးဝင်းမှာ သတ်ဖြတ်ခံခဲ့ရသည်။

ဗီဒီယိုများ