- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
ရခိုင်က စနစ်ဟောင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကျသူ ၆,၀၀၀ ကျော်ထဲမှ ၅၀၀ ကျော်သာ ပြန်လည်ဖြေဆိုမည်
ရခိုင်ပြည်အတွင်းက စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးသူ ၆,၀၀၀ ကျော်ရှိခဲ့သည့်အထဲမှ ယခု ၂၀၂၃-၂၀၂၄ ပညာသစ်နှစ်တွင် ပြင်ပမှဝင်ရောက်ဖြေဆိုရန် လျှောက်ထားသူ စုစုပေါင်း ၅၇၆ ဦးရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
26 Oct 2023

DMG ၊ အောက်တိုဘာ ၂၆
ရခိုင်ပြည်အတွင်းက စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးသူ ၆,၀၀၀ ကျော်ရှိခဲ့သည့်အထဲမှ ယခု ၂၀၂၃-၂၀၂၄ ပညာသစ်နှစ်တွင် ပြင်ပမှဝင်ရောက်ဖြေဆိုရန် လျှောက်ထားသူ စုစုပေါင်း ၅၇၆ ဦးရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ရခိုင်က စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးသူ ၆,၉၆၄ ဦး ရှိခဲ့သည်။ လက်ရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade 12 (ဒွါဒသမတန်း) စာမေးပွဲကို ကျောင်းတွင်းမှ ဝင်ရောက်ဖြေဆိုမည့်သူ စုစုပေါင်း ၁၇,၆၄၅ ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။
“ဒီစာရင်းက ၁၇ မြို့နယ်ရဲ့ အကြမ်းဖျင်းစာရင်းဖြစ်တယ်။ ကျား/မစာရင်းကတော့ မခွဲရသေးဘူး။ မနှစ်က အောင်ချက်ကောင်းတော့ ဒီနှစ်ဖြေမယ့်သူ နည်းသွားတာပေါ့” ဟု ၎င်းကပြောသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ရခိုင်က စနစ်ဟောင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသား/သူ စုစုပေါင်း ၁၆,၉၂၈ ဦးရှိခဲ့ပြီး အောင်မြင်သူ ၉,၉၆၄ ဦးရှိခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၅၈ ဒဿမ ၈၆ ရာခိုင်နှုန်း ရှိခဲ့သည်။
စနစ်ဟောင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးခဲ့သူများမှာ ယခုနှစ်တွင် စနစ်သစ် Grade-12 (ဒွါဒသမတန်း)မှ ဝင်ရောက်ဖြေဆိုရမည် ဖြစ်သည်။
စနစ်ဟောင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးခဲ့သည့် မြောက်ဦးမြို့မှ မပန်းမြတ်သူက “စနစ်သစ်က ပြန်တက်ရမှာဆိုတော့ မတက်ဖြစ်လိုက်တော့ဘူး။ ပြန်တက်မယ်ဆိုရင် စာတွေကို အသစ်သင်ရတော့မှာ။ စနစ်သစ်အတန်းကို ပြန်တက်ဖို့ သိပ်အားမပါချင်တော့လို့ ဝင်ခွင့်လျှောက်လွှာ မတင်ဖြစ်လိုက်ဘူး” ဟု ပြောသည်။
လက်ရှိ စနစ်သစ် Grade-12 တက်ရောက်နေသည့် ကျောင်းသား/သူများမှာ ဆရာ/မများ၏ သင်ပြမှုများကို အားရကျေနပ်မှုမရှိကြောင်း ကြားသိရ၍ စနစ်သစ်အား ဝင်ရောက်မဖြေဆိုခြင်းဖြစ်သည်ဟု မပန်းမြတ်သူက ဆက်ပြောသည်။
စနစ်ဟောင်းစာမေးပွဲ ကျရှုံးသူများမှာ ယခုနှစ် စနစ်သစ်စာမေးပွဲအား ဝင်ရောက်ဖြေဆိုမှု လျော့နည်းသွားခြင်းမှာ စနစ်သစ်၏ အတန်းစာများမှာ စနစ်ဟောင်း၏ အတန်းစာများထက် ပို၍ခက်ခဲသွားမှုကြောင့်ဖြစ်သည်ဟု ပညာရေးအသိုင်းအဝိုင်းက ရှုမြင်ကြသည်။
စစ်တွေမြို့က ပညာရေးဝန်ထမ်း ကျောင်းဆရာမ ဒေါ်နုနုရီက “မနှစ်က အဆောင်မှာ ဆယ်တန်းကျောင်းသား တစ်ဆယ်ကျော် စာမေးပွဲကျတယ်။ အခု စနစ်သစ်ကိုပြန်တက်တာ အဲဒီအထဲက နှစ်ယောက်ပဲရှိတယ်။ ကြားသိရသလောက် စနစ်သစ်ကိုပြန်တက်တဲ့သူ မရှိသလောက်နည်းသွားတယ်။ စနစ်သစ်မှာ စာတွေအရမ်းခက်ပြီး များလည်းများသွားတယ်” ဟု ပြောသည်။
ယခင်က စနစ်ဟောင်း Grade-11 (ဒဿမတန်း)တွင် ဘာသာရပ် ၆ ခုကို သင်ကြားခဲ့ကြရပြီး လက်ရှိ စနစ်သစ် Grade-12 (ဒွါဒသမတန်း)တွင် လူမှုရေးသိပ္ပံဘာသာရပ်တစ်ခု တိုးသွား၍ စုစုပေါင်း ဘာသာရပ် ၇ ခုကို သင်ကြားကြရသည်။
စနစ်သစ် အတန်းစာနှင့်ပတ်သက်၍ ပညာရေးဝန်ထမ်းများကို နိုင်ငံတော်မှ အတန်းစာအလိုက် သင်ကြားရေး စွမ်းရည်များအား သင်တန်းပို့ချမှုများရှိသဖြင့် ပညာသင်ကြားရာတွင် အခက်အခဲမရှိကြောင်း ပုဏ္ဏားကျွန်းမြို့မှ အမည်မဖော်လိုသည့် ကျောင်းဆရာမတစ်ဦးက ပြောသည်။
“သင်တန်းတွေတက်ထားတော့ သင်ရတဲ့အပိုင်းမှာ အများကြီးတော့ အခက်အခဲမရှိဘူး။ ဒါပေမယ့် စနစ်ဟောင်း တက္ကသိုလ်ဝင်တန်းကို သင်သလိုမျိုးတော့ ကိုယ်နဲ့ အကျွမ်းတဝင်မရှိသေးဘူးပေါ့” ဟု ပြောသည်။
ရခိုင်ပြည်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၄၁,၇၅၅ ဦး ဖြေဆိုခဲ့ရာ ၁၉, ၇၂၉ ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၄၇ ဒသမ ၂၅ ရာခိုင်နှုန်းရှိခဲ့သည်။