အပစ်ခတ်ရပ်ပြီးနောက် စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းကို စစ်ကောင်စီမှ ပြန်ဖွင့်ပေး

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အချိန်က မြန်မာစစ်တပ်ဘက်မှ ပိတ်ထားခဲ့သည့် စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းမကြီးကို ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီခန့်အချိန်တွင် ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 03 Dec 2022

အပစ်ခတ်ရပ်ပြီးနောက် စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းကို စစ်ကောင်စီမှ ပြန်ဖွင့်ပေး

နိုဝင်ဘာလ ၁၁ရက်နေ့၌ ပုဏ္ဏားကျွန်းကားလမ်းမပေါ်တွင် ပိတ်မိနေသော ရန်ကုန်-စစ်တွေကားကြီးများ အားတွေ့ရစဉ်

DMG | ဒီဇင်ဘာ ၃

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အချိန်က မြန်မာစစ်တပ်ဘက်မှ ပိတ်ထားခဲ့သည့် စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းမကြီးကို ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီခန့်အချိန်တွင် ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပုဏ္ဏားကျွန်းကားလမ်းအနီးမှာ စျေးဆိုင်သည်တစ်ဦးက “ ခုနကပဲ ပုဏ္ဏားကျွန်း ရဲစခန်းရှေ့က ဂိတ်ကိုဖွင့်ပေးလိုက်တယ်။ ကားတွေကတော့ အကုန်လုံး ကုန်ကားတွေချည်းပဲ ကျန်ခဲ့တာပါ။ ခရီးသည်တင်ကားတွေကတော့ လှည့်ပြန်လူပြန်၊ မြစ်ကြောင်းက စက်လှေနဲ့သွားသူ သွားကြပြီဆိုတော့ ကုန်ကားသက်သက်ပဲ ကျန်ခဲ့ကြတာ။ အခုတော့ ပိတ်မိနေတဲ့ကားတွေအကုန်လုံး ထွက်သွားနေကြပါပြီ” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြားတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က မြန်မာစစ်တပ်ယာဉ်တန်းကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက်တွင် မြန်မာစစ်တပ်မှ စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကားလမ်းကို ယခုအချိန်တွင်ပြန်ဖွင့်ပေးလာပြီဖြစ်သော်လည်း ပုဏ္ဏားကျွန်းတွင် တစ်လနီးပါးအထိ ပိတ်မိနေခဲ့သည့်အတွက် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်သည့် ကုန်တင်ကားသမားများအတွက် အခက်အခဲများစွာ ကြုံခဲ့ရသည်ဟု ကုန်တင်ကားမောင်းနှင်သူတစ်ဦးက ပြောသည်။

“ ကျနော့်မှာတော့ အလှကုန်ပစ္စည်းတွေဆိုတော့ ပုပ်သိုးတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ တစ်လနီးပါးအထိ ဒီနေရာမှာပဲနေုပြီး စားသောက်ခဲ့ရတာဆိုတော့ ငွေကုန်ကြေးကျအရမ်းများသွားတာပေါ့။ ကုန်တစ်ခေါက်လာပို့ရင်တောင် ကုန်သွားတဲ့စရိတ်လောက်မရဘူး။ အခုလမ်းဖွင့်ပေးလို့ စစ်တွေရောက်ရင်လည်း ပိုင်ရှင်တွေနဲ့ စကား ပြောစရာတွေဖြစ်ချင်လည်း ဖြစ်ဦးမှာ” ဟု ၎င်းကဆိုသည်။

စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းကို မြန်မာစစ်တပ်ဘက်မှ သွားလာခွင့်ပိတ်ထားခဲ့သည့်အချိန်က ဒေသခံများမှာ စားနပ်ရိက္ခာ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ ပြတ်တောက်မှုများနှင့် ကြုံတွေ့ခဲ့ကြရသည်။

တကျော့ပြန်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် နိုဝင်ဘာလ ၂၆ ရက်နေ့မှစတင်ကာ နှစ်ဖက်နားလည်းမှုဖြင့် အပစ်အခတ်ရပ်စဲခဲ့ကြခြင်းဖြစ်သည်။

ယင်းနောက်တွင် ရခိုင်နှင့် ပလက်ဝဒေသတို့တွင် ပိတ်ပင်ထားသည့် ကုန်လမ်း၊ ရေလမ်းအချို့ကို မြန်မာစစ်တပ်မှ ပြန်လည်ဖွင့်ပေးလာခြင်းဖြစ်သည်။

ဗီဒီယိုများ