မုန်တိုင်းအရှိန်ကြောင့် ပေါက်တောမြို့နယ်တွင် လူနေအိမ်များနှင့် စက်လှေများ ပျက်စီး

မုန်တိုင်းအရှိန်ကြောင့် ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာနှင့် သဲခုံကျေးရွာတို့တွင် လူနေအိမ်များနှင့် စက်လှေများ ပျက်စီးဆုံရှုံးခဲ့ပြီး ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

By Admin 24 Oct 2022

မုန်တိုင်းအရှိန်ကြောင့် ပေါက်တောမြို့နယ်တွင် လူနေအိမ်များနှင့် စက်လှေများ ပျက်စီး

ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှ နေအိမ်များနှင့် ဘုတ်များ ပြိုပျက်နေသည့်မြင်ကွင်း။ ဓာတ်ပုံ-ပေးပို့

DMG ၊ အောက်တိုဘာ ၂၄

မုန်တိုင်းအရှိန်ကြောင့် ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာနှင့် သဲခုံကျေးရွာတို့တွင် လူနေအိမ်များနှင့် စက်လှေများ ပျက်စီးဆုံရှုံးခဲ့ပြီး ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

သဲခုံကျေးရွာတွင် လူဦးရေ ၃၀၀ ကျော်ရှိသည့်အနက် လူဦးရေ ၂၀၀ ကျော်မှာ အနီးရှိ ဂြင်းချောင်း၊ ယာတိုက်၊ သခေါင်းတော စသည့် နီးစပ်ရာကျေးရွာများသို့ နံနက်ပိုင်းမှစ၍ တိမ်းရှောင်နေကြရသည်ဟု ရွာတွင် ကျန်ရစ်ခဲ့သည့် အမျိုးသမီးတစ်ဦးက DMG ကိုပြောသည်။

“ဒီနေ့ ညည့်အတွက် စိုးရိမ်နေပါတယ်။ ဘာလို့ဆိုတော့ သဲခုံက နဂိုကတည်းကနေ ရေကြီးတယ်။ ဒီနေ့ဆိုရင် လေတိုက်ပြီး ‌ရေအားပါ တခါတည်းပါလို့ အိမ်က အခန်းတွေတောင်ရေမြုပ်နေပြီ။ ညည့်အတွက် အကုန်လုံး စိုးရိမ်နေကြတယ်။ အိမ်ဘေးက နှစ်ဆောင်ကတော့ လေကြမ်းအားကြီးလို့ အစိတ်စိတ်ပြိုသွားပြီ။ မုန်တိုင်းကတော့ မကျော်သေးဘူး။ အိမ်မှာ လူကြီးတွေလည်းရှိလို့ ပြေးရင်ကောင်းမလား၊ မကောင်းဘူးလား စဉ်းစားနေပါတယ်”ဟု သူကပြောသည်။

လုံးဝပြိုကျပျက်စီးသွားသည့် အိမ်မှာ ၆ အိမ်ခန့်ရှိပြီး စီးပွားရေးလုပ်ကိုင်နေသည့် ရေခူကန်ကြီးများလည်း ပျက်စီးသွားခြင်းများရှိကာ လက်ရှိတွင် မုန်တိုင်းမဖြတ်သေးသောကြောင့် ရွာထဲတွင် ထွက်ပြေးတိမ်းရှောင်မည့် သူများမှာ ညနေပိုင်းအချိန်ထိ စောင့်ကြည့်နေကြကြောင်း အခြားသဲခုံကျေးရွာသားတစ်ဦးက DMG ကိုပြောသည်။

“အိမ်လုံးဝပြိုသွားတာ ၆ အိမ်လောက်ရှိတယ်။ လုံးဝကို ဘာမှပြန်လုပ်လို့မရအောင်ကို ပြိုကျသွားတာပါ။ ရေခူလုပ်တဲ့ကန်ကြီးတွေလည်း ပျက်စီးနေလို့ စီးပွားရေးသမားတွေ ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေကြတယ်မြင်ပါတယ်။ ဘုတ်တွေလည်း အများကြီးပျက်စီးသွားတယ်။ အိမ်တွေလည်း ခေါင်မိုးတွေ ပြိုနေတာက အများကြီးပါ။ မနက်ပိုင်းကတည်းကနေ ရွာထဲက တစ်ချို့ကလေးတွေ၊ မိန်းမတွေတော့ နီးစပ်တဲ့ သူတို့ရင်းနှီးတဲ့ ရွာတွေကို ထွက်ပြေးသွားကြပါပြီ”ဟု သူကပြောသည်။

အလားတူ ဆင်တက်မော်ကျေးရွာတွင်လည်း မုန်တိုင်းအရှိန်ကြောင့် တစ်ချို့သော ကမ်းထိန်းနံရံများမှာ လုံးဝပြိုကျသွားပြီဖြစ်ကာ ကျေးရွာသားတစ်ချို့မှာလည်း ကျေးရွာထဲတောင်ဘက်ပိုင်းရှိ ကုန်းမြင့်ပိုင်းနေရာများကို ရှောင်တိမ်းလျက်ရှိနေသည်။ မုန်တိုင်းမဖြတ်သေးသောကြောင့် ယနေ့ညနေပိုင်းအထိ အခြေအနေများကို စောင့်ကြည့်နေကြောင်း ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာမှ သာရေးနာရေးကိစ္စများကို ဆောင်ရွက်နေသည့် လူငယ်တစ်ဦးက DMG ကိုပြောသည်။

“တစ်ချို့နေရာတွေက ကမ်းထိန်းနံရံတွေတော့ ပြိုသွားပါပြီ။ အဲဒီအနားမှာရှိတဲ့ လူနေအိမ်တစ်ချို့က လူတွေလည်း ကုန်းမြင့်ပိုင်းက သူတို့အမျိုးတွေဆီ ရှောင်တိမ်းနေကြပါတယ်။ လေကကြမ်းနေတော့ တစ်ချို့အိမ်တွေကတော့ အိမ်ခေါင်မိုးတွေလှန်ပြီး နံရံတွေပြိုကျသွားကြတာ ရှိပါတယ်။ မုန်တိုင်းကလည်း မဖြတ်သေးတော့ ကျွန်တော်တို့ လူငယ်တွေစုပြီး အခြေအနေကိုစောင့်ကြည့်နေပါတယ်။ ညနေပိုင်း ဝုန်းကနဲဖြစ်လာရင် ကုန်းမြင့်ပိုင်းတွေကို အကုန်လုံးပို့ပေးမှာပါ။ အရေးကြီးတဲ့ ကုန်ပစ္စည်းတွေကိုလည်း ကျွန်တော်တို့လူငယ်တွေ စုထားပါပြီ”ဟု သူကပြောသည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “စီတရန်(SITRANG)”သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ ရောက်ရှိခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထို့နောက် သံတွဲမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၇၅)မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၁၈၅)မိုင်ခန့်၊ မောင်တောမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၁၇၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဆာဂါကျွန်း(Sagar Island)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၁၅၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဆောမြို့(Barisal)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၉၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု ထုတ်ပြန်ထားသည်။

ဗီဒီယိုများ