ပေါက်တောမြို့နယ်မှ ခရီးသည်တင်စက်လှေများကို စစ်တွေမြို့သို့ သွားလာခွင့် စစ်ကောင်စီက ပိတ်ပင်

စစ်တွေမြို့သို့ ပြေးဆွဲသွားလာနေသည့် ခရီးသည်တင်စက်လှေများကို မနက်ဖြန်(အောက်တိုဘာလ ၂၀ ရက်)မှစတင်ကာ ပြေးဆွဲမှုရပ်တန့်ထားရန် မြန်မာစစ်တပ်က သတိပေးထားကြောင်း စက်လှေပိုင်ရှင်များထံမှ သိရသည်။

By Admin 19 Oct 2022

ပေါက်တောမြို့နယ်မှ ခရီးသည်တင်စက်လှေများကို စစ်တွေမြို့သို့ သွားလာခွင့် စစ်ကောင်စီက ပိတ်ပင်

စစ်တွေမြို့၊ မိဇံဆိပ်ကမ်းတွင် ရပ်တန့်ထားသည့် ပေါက်တောမြို့နယ်မှလာသည့် လိုင်းဘုတ်များနှင့် စက်လှေငယ်များကို တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၁၉

စစ်တွေမြို့သို့ ပြေးဆွဲသွားလာနေသည့် ခရီးသည်တင်စက်လှေများကို မနက်ဖြန်(အောက်တိုဘာလ ၂၀ ရက်)မှစတင်ကာ ပြေးဆွဲမှုရပ်တန့်ထားရန် မြန်မာစစ်တပ်က သတိပေးထားကြောင်း စက်လှေပိုင်ရှင်များထံမှ သိရသည်။

စစ်တွေမြစ်တွင်ရှိနေသည့် စစ်ရေယာဉ်(နေဗီ)မှ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက “အထက်အမိန့်အရ သွားလာခွင့် ယာယီကန့်သတ်ခြင်းဖြစ်တယ်”ဟု ပြောဆိုကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် စက်လှေပိုင်ရှင်တစ်ဦးက DMG သို့ပြောသည်။

“ဒီနေ့ ရွာကိုအပြန် သဝင်ချောင်းနားမှာ နေဗီနဲ့တွေ့တယ်။ မနက်ဖြန်ကစပြီး လုံးဝမလာနဲ့တဲ့၊ လိုင်းဘုတ်(ခရီးသည်စက်လှေ)တွေကို။ ဘာလို့လဲမေးတော့ အထက်က အမိန့်အရလို့ ပြောတာပါပဲ။ စာရွက်တွေနဲ့ ထုတ်ပြန်ပြီး ပြောတာမဟုတ်ပါဘူး။ ပါးစပ်နဲ့ပြောတာ”ဟု သူကပြောသည်။

ပေါက်တောမြို့နယ်ရှိ ကျေးရွာအသီးသီးမှ ခရီးသည်တင်စက်လှေများကို ထိုသို့ သတိပေးခြင်းဖြစ်သည်။ ယနေ့ ရောက်ရှိနေသည့် စက်လှေများကိုလည်း ရွာသို့ ရက်ချင်းပြန်ရန် သတိပေးထားကြောင်း အမည်မဖော်လိုသည့် နောက်ထပ် စက်လှေပိုင်ရှင်တစ်ဦးက ဆိုသည်။

“စစ်တွေကို မကပ်ရဘူးပြောတယ်။ ပစ္စည်းများလို့ ခဏလေး ဘုတ်ကပ်လိုက်မယ်ပြောတော့ ၁ နာရီ အချိန်ပေးပြီး ချက်ချင်းပြန်ထွက်ပြောထားလို့ အမြန်ကုန်တင်ကုန်ချ ပြုလုပ်နေရပါတယ်။ ဘုတ်မထွက်ရင် ညနေ ဖမ်းလာမယ်လို့ပြောတယ်။ ကျွန်တော်က မနက်မှ သွားလို့မရဘူးလားဆိုတော့ မရဘူး။ အခုထွက်ရမယ် ပြောတယ်”ဟု ၄င်းကပြောသည်။

ပေါက်တောမြို့နယ်သည် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲမှုမရှိဘဲ တည်ငြိမ်နေသည့် ဒေသဖြစ်သည်။ သို့သော် ယခုကဲ့သို့ သွားလာခွင့်ပိတ်ပင်လိုက်သောကြောင့် ဒေသခံများမှာ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး စသည့်အခက်အခဲများ ဖြစ်လာနိုင်ကြောင်း အခြားစက်လှေပိုင်ရှင်တစ်ဦးက ဆိုသည်။

“ပေါက်တောမြို့နယ်ဆိုတာက တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ နေရာလည်းမဟုတ်ဘူး။  အေးချမ်းတဲ့နယ်မြေပါ။  အခုလို လုပ်လိုက်တာက ကျွန်တော်တို့အတွက်က လုံးဝအခက်အခဲပါ။ ကျွန်တော်တို့မှာ စည်ပင်ရုံးကနေ လေလံဆွဲထားတာကို ငွေပုံမှန်သွင်းပြီး သွားလာနေကြတဲ့ လိုင်းဘုတ်တွေပါ”ဟု သူကပြောသည်။

ပေါက်တောမြို့နယ်သည် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်သည့်ဒေသဖြစ်ပြီး ယခုကဲ့သို့ ခရီးသွားလာခွင့် ပိတ်ပင်လိုက်သဖြင့် စက်လှေများတွင် အသုံးပြုမည့် ဒီဇယ်ဆီ၊ ဓာတ်ဆီများ ရှားပါးလာနိုင်သည်။ ထို့ပြင် ကုန်စည်စီးဆင်းမှု ပြတ်တောက်၍ တခြားကုန်စျေးနှုန်းများ အဆမတန် ဈေးမြင့်တက်လာနိုင်ကြောင်းနှင့် ကုန်စည်များ ရှားပါးလာနိုင်ကြောင်း ခရီးသည် ဦးစောလှမောင်ကပြောသည်။

“ရေလမ်းကို ဒီလိုသာပိတ်ဆို့လိုက်မယ်ဆိုရင် ကျန်းမာရေးကအစ အရေးပေါ် စစ်တွေသွားဖို့ လိုလာမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ လက်လုပ်လက်စား လုပ်ကိုင်စားသောက်နေတဲ့ လူတွေကလည်း ဒုက္ခရောက်မယ်။ တချို့အလုပ်တွေက စက်သုံးဆီအသုံးပြုပြီး လုပ်ရတာရှိတယ်။ ရပ်ရွာထဲကနေ ဆီတွေကို သယ်ယူလို့မရ၊ ဝယ်ယူလို့မရဆိုရင် ကျွန်တော်တို့မှာ စားဝတ်နေရေး အခက်အခဲတွေဖြစ်လာမှာကို ပြောစရာလိုမယ် မထင်တော့ဘူး။ ပေါက်တောမှာ လက်လုပ်လက်စားသမားတွေက စက်မပါရင် တစ်ခုမှ အလုပ်လုပ်လို့မရဘူး”ဟု သူကပြောသည်။

ပြီးခဲ့သည့် ကိုဗစ်ကာလကလည်း ခရီးသွားလာခွင့် ပိတ်ပင်လိုက်သဖြင့် ကျေးလက်ဒေသများမှာ အခြေခံ စားသောက်ကုန်ပစ္စည်းများ အဆမတန် စျေးနှုန်းမြင့်တက်သွားသည်။ ယခုကဲ့သို့ ကန့်သတ်လိုက်သဖြင့် အလားတူဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကြောင်း ပေါက်တောမြို့နယ်မှ ဒေသခံ မလှဖြူကပြောသည်။

“စားရေးသောက်ရေး အခက်အခဲဖြစ်လာမှာ တွေးကြည့်လေ။ အရင်ကိုဗစ်နဲ့ ပိတ်ထားတုန်းကလည်း စျေးတွေ အများကြီးတက်တယ်။ အဓိက အခြေခံကျတဲ့စားသောက်ကုန်တွေ စျေးတက်လာရင် လုံးဝကိုမလွယ်ဘူး။ လာမယ့်ရက်သတ္တပတ်အတွင်းမှာ ကုန်စည်စီးဆင်းမှုတွေလည်း ရပ်တန့်သွားပါလိမ့်မယ်။ နေ့လုပ် နေ့စားတွေလည်း တကယ့်ကိုအခက်အခဲတွေဖြစ်ပြီး ဒုက္ခတွေ‌ရောက်ကြလိမ့်မယ်”ဟု သူကပြောသည်။

ရခိုင်မြောက်ပိုင်းရှိ ‌ရေကြောင်းလိုင်းများကို ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှစ၍ ပြေးဆွဲသွားလာခွင့်များ ပိတ်ပင်ခဲ့သည်။ ထို့ပြင် ယနေ့(အောက်တိုဘာလ ၁၉ ရက်)တွင်လည်း စစ်တွေ-ပေါက်တောမြို့သို့ ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်ကိုလည်း ပြေးဆွဲခွင့်ကန့်သတ်လိုက်သည်။

ပေါက်တောမြို့နယ်တွင် ကျေးရွာပေါင်း ၁၇၉ ရွာရှိကာ ကျေးလက်လူဦးရေ ၁၇၁၆၉၂ ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရပြီး အဆိုပါကျေးရွာအများစုမှာ စစ်တွေမြို့မှ သွားလာကာ ကုန်ရောင်း၊ ကုန်ဝယ်ပြုလုပ်ကြသည်။

ဗီဒီယိုများ