တက္ကသိုလ်တက်ရန် အခက်အခဲရှိနေသည့် ရခိုင်ကျောင်းသားများကို ရခိုင်သဟာယအသင်းက ပညာသင်ဆု ထောက်ပံ့မည်

ရခိုင်မှာ ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး တက္ကသိုလ်ဆက်လက် တက်ရောက်ရန် အခက်အခဲ ရှိနေသည့် ကျောင်းသား/သူများ အတွက် ရခိုင်သဟာယအသင်း (ရန်ကုန်)က ပညာသင်ဆု ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

By Admin 08 Dec 2022

တက္ကသိုလ်တက်ရန် အခက်အခဲရှိနေသည့် ရခိုင်ကျောင်းသားများကို ရခိုင်သဟာယအသင်းက ပညာသင်ဆု ထောက်ပံ့မည်

ရခိုင်သဟာယအသင်းမှ တာဝန်ရှိသူများ အလှူငွေလက်ခံနေသည်ကို တွေ့ရစဉ်။ Photo Crd ရခိုင်သဟာယအသင်း(ရန်ကုန်)

DMG | ဒီဇင်ဘာ ၈

ရခိုင်မှာ ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး တက္ကသိုလ်ဆက်လက် တက်ရောက်ရန် အခက်အခဲ ရှိနေသည့် ကျောင်းသား/သူများ အတွက် ရခိုင်သဟာယအသင်း (ရန်ကုန်)က ပညာသင်ဆု ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသော ကျောင်းသား/ သူများ စတင် လျှောက်ထားနိုင်ပြီး တက်ရောက်မည့် တက္ကသိုလ်များအား ကန့်သတ်ထားခြင်း မရှိကြောင်း ရခိုင်သဟာယအသင်း ဥက္ကဌ ဦးထွန်းနိုင်က DMG ကို ပြောသည်။

“ လျှောက်တဲ့သူတွေ များတဲ့အခါကျတော့ အမှတ်တွေ သတ်မှတ်ထားတာတော့ ရှိပါတယ်။ အဓိကတော့ တက္ကသိုလ်ဆက်တက်ဖို့ တကယ်အခက်အခဲဖြစ်နေတဲ့သူတွေကို ရွေးချယ်ပြီး ပေးသွားမှာမို့ အမှတ်က ခြွင်းချက်ထားတာလည်း ရှိပါတယ် ”ဟု ဦးထွန်းနိုင်က ပြောသည်။

အဆိုပါ ပညာသင်ဆု လျှောက်ထားလိုသည့် ကျောင်းသား/သူများအနေဖြင့် အသင်း၏ သက်ဆိုင်ရာမြို့နယ် ကိုယ်စားလှယ်များထံတွင် လျှောက်လွှာပုံစံတောင်းခံကာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ မကုန်မီအထိ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

“အဓိကတော့ တကယ်လိုအပ်တဲ့သူတွေ ရရှိဖို့အတွက် ဦးစားပေးသွားမှာပါ။ များများထောက်ပံ့နိုင်ဖို့ဆိုရင်တော့ အလှူရှင်တွေလည်း များများလိုတာပေါ့။ ဒါကြောင့် အလှူရှင်တွေကိုလည်း ဖိတ်ခေါ်ချင်ပါတယ်” ဟု ဦးထွန်းနိုင်က ပြောသည်။

ယင်းအပြင် ပညာသင်ဆုရွေးချယ်ခံရသူများအတွက် တစ်နှစ်လျင် ငွေကျပ် (၃) သိန်းနှုန်းဖြင့် တက္ကသိုလ်ပြီး မြောက်သည့် အချိန်အထိ ထောက်ပံ့သွားမည်ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့်နှစ်က ပညာသင်ဆု ကျောင်းသား/သူ ၆၉ ဦးကို ထောက်ပံ့ပေးခဲ့ကြောင်း ဦးထွန်းနိုင်က ပြောသည်။

ရခိုင်သဟာယအသင်း၏ ပညာသင်ဆုဖြင့် BE. Mechanical ဘွဲ့ရရှိခဲ့သည့် သံတွဲမြို့နယ်က ကိုစိုးသက်ဟိန်းက “ ဒီအသင်းက ထောက်ပံ့ကြေးနဲ့ ဘုန်းကြီးကျောင်းမှာ နေပြီးတော့ ကျောင်းတက်ခဲ့ရတာပါ။ ၂၀၁၁ ခုကနေ တစ်လကို သုံးသောင်းနှုန်းနဲ့ ဘွဲ့ရတဲ့( ၅ ) နှစ်အထိကိုပါပဲ။ ကျနော့်အနေနဲ့ ပြောချင်တာကတော့ ဒီအသင်းဟာ ရခိုင်က တကယ်ခက်ခဲနေတဲ့ ကျောင်းသားတွေကို ကူညီပေးနေတာဖြစ်တဲ့ အတွက် ရည်ရှည်တည်မြဲစေချင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တက္ကသိုလ်တက်ရောက်ရန် အခက်အခဲရှိနေသည့် ကျောင်းသား/ သူ စုစုပေါင်း ၁၇၀ ဦးကို ပညာသင်ဆု ထောက်ပံ့ပေးထားသည်။ ယင်းအပြင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ သူ အချို့တို့ကိုလည်း ကျောင်းသုံးပစ္စည်းများ ထောက်ပံ့လျက်ရှိကြောင်း သိရသည်။

ရခိုင်သဟာယအသင်း(ရန်ကုန်)ကို ၁၉၈၁ ခုနှစ်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး အသင်းစတင်ထူ ထောင်ချိန်မှစ၍ လက်ရှိအချိန်အထိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၉၀၀ ဦးအထိ ပညာသင်ဆု ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ယင်းအသင်းမှ သိရသည်။

ဗီဒီယိုများ