- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
ရခိုင်က ကျန်းမာရေးဌာနများတွင် အမျိုးသားသူနာပြုများ လိုအပ်နေ
လက်ရှိတွင် သူနာပြုရပ်ဝန်းသည် အမျိုးသမီးသာလုပ်ရသည့် အလုပ်တစ်ခုကဲ့သို့ ဖြစ်နေပြီး ကျန်းမာရေးဌာနများတွင် အမျိုးသားသူနာပြုဦးရေမှာ အမျိုးသမီးဦးရေထက် များစွာနည်းပါးနေသည်။
26 Feb 2023

DMG ၊ ဖေဖော်ဝါရီ ၂၆
ရခိုင်ပြည်အတွင်းက ပြည်သူ့ကျန်းမာရေးဌာနနှင့် ကုသရေးဌာနများတွင် အမျိုးသားသူနာပြုအင်အားနည်းပါးနေပြီး ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့အတွက် အမျိုးသားသူနာပြုများ လိုအပ်နေကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက DMG ကို ပြောဆိုထားသည်။
လက်ရှိတွင် သူနာပြုရပ်ဝန်းသည် အမျိုးသမီးသာလုပ်ရသည့် အလုပ်တစ်ခုကဲ့သို့ ဖြစ်နေပြီး ကျန်းမာရေးဌာနများတွင် အမျိုးသားသူနာပြုဦးရေမှာ အမျိုးသမီးဦးရေထက် များစွာနည်းပါးနေသည်။
“ယောက်ျားလေးတွေက ဒီသူနာပြုလုပ်ငန်းကို စိတ်ဝင်စားမှု အားနည်းကြပါတယ်။ (သူနာပြု)ကျောင်းမှာတော့ အမျိုးသားဦးရေ ဘယ်လောက်ကိုပဲလက်ခံမယ် ဆိုပြီး ကန့်သတ်ထားတာ မရှိပါဘူး။ သူတို့ကိုယ်တိုင်က စိတ်ဝင်စားမှုအားနည်းလို့ လာမလျှောက်ကြတာပါ။ ဒီသူနာပြုသင်တန်းကို စိတ်ဝင်စားတဲ့ အမျိုးသားတွေလည်း သတ်မှတ်အမှတ်မီရင် ကျောင်းလာလျှောက်ပြီး သင်ကြားနိုင်ပါတယ်” ဟု စစ်တွေမြို့ရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုဇံ က DMG ကို ပြောသည်။
လက်ရှိ ၂၀၂၃ ခုနှစ်အတွင်း စစ်တွေမြို့ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတွင် သူနာပြုလောင်း အမျိုးသား ၆၈ ဦးနှင့် အမျိုးသမီး ၄၃၇ ဦး ပညာသင်ကြားနေကြသည်။ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(စစ်တွေ)၏ စာရင်းများအရ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ၆ ဆနီးပါး နည်းနေသည်ကို တွေ့ရသည်။
ဆေးပညာရပ်ဆိုင်ရာ သူနာပြုသင်တန်းများကို စိတ်ဝင်စားသည့် အမျိုးသားလူငယ်များရှိသော်လည်း သူနာပြုသင်တန်းထက် ကျန်းမာရေးမှူးဖြစ်သင်တန်းများကိုသာ တက်ရောက်သူ များပြားခြင်းကြောင့်လည်း အမျိုးသားသူနာပြု နည်းပါးနေခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။
တစ်ချို့သောအမျိုးသားလူနာများကို ကိုင်တွယ်ဆေးကုသရာတွင် အမျိုးသားသူနာပြုများနှင့်ဆိုလျှင် ပိုမိုအဆင်ပြေသည့်အတွက် အမျိုးသားသူနာပြုဦးရေ များပြားလာပါက ဆေးကုသမှုအပိုင်းမှာ ပိုမိုအထောက်အကူဖြစ်လာနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောဆိုနေကြသည်။
“သူနာပြုဆိုတဲ့တာဝန်အရတော့ ရှက်ကြောက်မှုတွေကို ဖယ်ထားရတာပေါ့။ တခါတလေ ဆီးလမ်းကြောင်းတို့၊ လိင်အင်္ဂါတို့နဲ့ပတ်သက်တဲ့ ရောဂါဖြစ်တဲ့ယောက်ျားတွေကို ကိုင်တွယ်ရတဲ့အပိုင်းတွေမှာ အမျိုးသမီးသူနာပြုဆိုတော့ တစ်ဖက်လူနာကလည်း ရှက်တဲ့စိတ်ဖြစ်နေတာရှိတယ်။ နောက် တစ်ချို့လူနာတွေကို ဟိုဘက်ဒီဘက် လှည့်ပေးရတာတွေမှာဆို မိန်းကလေးအားနဲ့ မနိုင်တဲ့အခါတွေ ရှိတယ်ပေါ့။ အဲဒီနေရာမှာ အမျိုးသားသူနာပြုတွေပါရှိရင်တော့ ပိုအဆင်ပြေနိုင်မယ်ပေါ့” ဟု စစ်တွေဆေးရုံကြီးတွင် တာဝန်ကျနေသည့် သူနာပြု မဝေဝေလွင်က ပြောသည်။
ရခိုင်ပြည်အတွင်းက ကျန်းမာရေးဌာနနှင့် ဆေးရုံ၊ ဆေးခန်းအသီးသီးတွင် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက် များစွာရှိနေသည့်အတွက် ၂၀၂၃-၂၄ ပညာသင်နှစ်တွင် ကျောက်ဖြူမြို့မှာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း တစ်ကျောင်းကို တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
#I005