သုံးလကျော်ကြာပိတ်ထားသည့် ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကို စစ်ကောင်စီပြန်ဖွင့်ပေး

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တကျော့ပြန် စစ်ရေးပြင်းထန်စွာဖြစ်ပွားခဲ့သည့်အချိန်မှ စတင်ကာ သုံးလခန့်ကြာ ပိတ်ထားခဲ့သည့် ကျောက်တော် - ပလက်ဝရေလမ်းကြောင်းကို စစ်ကောင်စီမှ ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 03 Dec 2022

သုံးလကျော်ကြာပိတ်ထားသည့် ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကို စစ်ကောင်စီပြန်ဖွင့်ပေး

ခရီးသည်နှင့် ကုန်ပစ္စည်းများအား သယ်ယူပို့ဆောင်နေသည့် စစ်ကောင်စီပိုင်ရေယာဉ်အားတွေ့ရစဉ်{ဓာတ်ပုံ - သိကြားစေချင်ငွေသဇင် (လူမှုကွန်ယက်)}

DMG | ဒီဇင်ဘာ ၃

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တကျော့ပြန် စစ်ရေးပြင်းထန်စွာဖြစ်ပွားခဲ့သည့်အချိန်မှ စတင်ကာ သုံးလခန့်ကြာ ပိတ်ထားခဲ့သည့် ကျောက်တော် - ပလက်ဝရေလမ်းကြောင်းကို စစ်ကောင်စီမှ ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့မှ စတင်ကာ စစ်ကောင်စီပိုင် ဇက်ရေယာဉ်မှာ ကျောက်တော်မှ ပလက်ဝသို့ ပြန်လည်ပြေးဆွဲနေပြီဖြစ်သော်လည်း အခြားသောရေယာဉ်များ၊ စက်လှေများမှာ သွားလာခွင့်မရရှိသေးကြောင်း ပလက်ဝဒေသခံများထံမှ သိရသည်။

ပလက်ဝမြို့မှ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်တင်တင်ချိုက "တခြား ကိုယ်ပိုင်စက်လှေတွေ၊ မော်တော်ဘုတ်တွေကတော့ သွားခွင့်မရသေးပါဘူး။ စစ်ကောင်စီပိုင် ဇက်ရေယာဉ်က ပြေးဆွဲနေပြီလို့ သိရတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုဖွင့်ပေးလိုက်တော့ စားနပ်ရိက္ခာပြတ်လပ်တာတွေ၊ ကုန်ဈေးနှုန်းတက်တာတွေ နည်းနည်းပါးပါး လျော့သွားတာပေါ့" ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တကျော့ပြန်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သည့်အချိန်က ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကို စစ်ကောင်စီမှ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စစ်ကောင်စီနှင့် AA တို့ နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲပြီးနောက်တွင် သုံးလကျော်ကြာပိတ်ထားခဲ့သည့် ကျောက်တော် - ပလက်ဝရေလမ်းကြောင်းကို စစ်ကောင်စီမှ ပြန်လည်ဖွင့်ပေးလာခြင်း ဖြစ်သည်။

လက်ရှိတွင် ကျောက်တော်နှင့် ပလက်ဝကို စစ်ကောင်စီပိုင် ရေယာဉ်တစ်ခုတည်းမှ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်ဟု ဒေသခံများကဆိုကြသည်။ ယင်းကြောင့် ကျန်းမာရေးနှင့် ပတ်သက်လျှင် အခက်ကြုံလာနိုင်သဖြင့် အခြားသောရေယာဉ်များကိုလည်း သွားလာခွင့်ပေးရန် ပလက်ဝဒေသခံများက တောင်းဆိုကြသည်။

"ကိုယ်ပိုင်စက်လှေတွေနဲ့ဆိုရင် ကိုယ်လိုအပ်တဲ့အချိန်မှာ သွားလိုက်လို့ရတယ်။ အခု ဇက်ရေယာဉ်တစ်ခုတည်းနဲ့သာ သွားလာခွင့်ရမယ်ဆိုရင် အဲဒီရေယာဉ် မသွားတဲ့နေ့မှာ အရေးပေါ်ဆေးခန်းသွားရမယ့် လူနာတွေရှိရင် သူတို့ရေယာဉ်သွားတဲ့နေ့အထိ စောင့်ရမှာလား။ နောက်ပြီး သူတ်ု့ိဇက်ရေယာဉ်တခုတည်း ပြေးဆွဲနေတော့ တနိုင်တပိုင်လုပ်စားနေကြတဲ့ စက်လှေသမားတွေက အခက်ခဲဖြစ်နေကြပြီ။ ကျနာ်တို့ ဒေသခံတွေလိုလားတာက ဖွင့်ပေးမယ်ဆိုရင် အကုန်လုံးကိုသွားလာခွင့်ပေးစေချင်ပါတယ် " ဟု အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

ယခင်က ပြည်နယ်စစ်ကောင်စီမှ ပြေးဆွဲခဲ့သည့် ဇက်ရေယာဉ်တွင် လူတစ်ဦးကို ငွေနှစ်ထောင်ကျပ်ရှိခဲ့သလို ကုန်ပစ္စည်းများအား သယ်ဆောင်ခွင့် အကန့်အသတ်အချို့ရှိခဲ့သည့်အတွက် လက်ရှိတွင် မည်ကဲ့သို့ဖြစ်လာမည်ကို မသိရှိရသေးကြောင်း ပလက်ဝဒေသခံ ကိုမင်းအောင်က ပြောသည်။

“အရင်တုန်းက ဆိုင်ပိုင်ရှင်တစ်ယောက်ဟာ ဝန်ပစ္စည်း ၁၅ ထုပ် ထက်သယ်ခွင့်မရဘူးဆိုတဲ့ အကန့်အသတ်မျိုး ရှိတယ်။ ပြီးတော့ ပစ္စည်းထုတ်ခတွေကလည်း ပုံမှန်ထက်ပိုပေးခဲ့ရတဲ့အနေအထားရှိခဲ့တယ်။ ဒါပေမဲ့ အခုတော့ လူတစ်ယောက်ကို ငွေဘယ်လောက်ကျပ်နှုန်းကောက်ခံမလဲ။ ပစ္စည်းသယ်ယူခတွေကရော ဘယ်လိုပုံစံရှိလာမလဲဆိုတာတော့ မသိရသေးဘူး။ အဲဒီရေယာဉ်ရောက်မှပဲ သိရမှာပါ” ဟု ၎င်းကပြောသည်။

ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲအကျပ်အတည်းများကို ကျော်လွှားရန်အတွက် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား အပစ်အခတ်ရပ်စဲပြီးနောက်တွင် စစ်ကောင်စီမှ ရခိုင်နှင့် ပလက်ဝမြို့နယ်တို့မှ ကုန်လမ်း၊ ရေလမ်းအချို့ကို ပြန်လည်ဖွင့်ပေးခြင်းဖြစ်သည်။

လက်ရှိ စစ်ကောင်စီမှ ပြန်လည်ဖွင့်ပေးလာသည့် ကျောက်တော်-ပလက်ဝရေလမ်းကြောင်းသည် ပလက်ဝဒေသခံများ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့်ကိစ္စရပ်များအတွက် အဓိကအားထားရသည့် လမ်းကြောင်းဖြစ်ကြောင်း သိရသည်။

လမ်းကြောင်းသွားလာခွင့် ပိတ်ထားသည့်ကာလတွင်း ပလက်ဝမြို့တွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် တစ်သိန်းကျပ်၊ ဆန်ကြမ်းတစ်အိတ်လျှင် ၇ သောင်းကျပ်၊ စားသုံးဆီတစ်လီတာလျှင် ၇ ထောင်ကျပ်နှင့် စက်သုံးဆီတစ်လီတာလျှင် ၆ ထောင်ကျပ်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဆန်ကြမ်းတစ်အိတ်လျှင် ၅သောင်းကျပ်နှင့် ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၇ သောင်းကျပ်သို့ဈေးကျဆင်းသွားသော်လည်း အခြားစားသုံးကုန်ပစ္စည်းများမှာ ဈေးမြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဗီဒီယိုများ