ရန်ကုန်- စစ်တွေ ကားလမ်းပိတ်ဆို့မှုကြောင့် စစ်တွေတွင် စက်သုံးဆီပြတ်လပ်လာ

ရခိုင်ပြည် မြို့တော် စစ်တွေတွင် စက်သုံးဆီများ ပြတ်လပ်နေပြီး အရောင်းဆိုင်များ ပိတ်ထားရသဖြင့် ဝယ်ယူသုံးစွဲသူများမှာ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံကသိရသည်။

By Admin 17 Nov 2022

ရန်ကုန်- စစ်တွေ ကားလမ်းပိတ်ဆို့မှုကြောင့် စစ်တွေတွင် စက်သုံးဆီပြတ်လပ်လာ

စစ်တွေမြို့ရှိ ပိတ်ထားသည့် စက်သုံးဆီ အရောင်းဆိုင်များကို ယနေ့ တွေ့ရစဉ်။(Photo – DMG)

DMG | နိုဝင်ဘာ ၁၇

ရခိုင်ပြည် မြို့တော် စစ်တွေတွင် စက်သုံးဆီများ ပြတ်လပ်နေပြီး အရောင်းဆိုင်များ ပိတ်ထားရသဖြင့် ဝယ်ယူသုံးစွဲသူများမှာ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံကသိရသည်။

ထိုသို့ စက်သုံးဆီပြတ်လပ်လာရခြင်းမှာ ရန်ကုန်- စစ်တွေ ကားလမ်းရှိ စစ်တွေ-ပုဏ္ဏားကျွန်းမြို့ ကားလမ်းပိုင်း ပိတ်ထားသဖြင့် ရန်ကုန်မှ တင်သွင်းသည့် ဆီသယ်ကားများ စစ်တွေသို့မရောက်ဘဲ ပုဏ္ဏားကျွန်းတွင် ပိတ်မိနေခြင်းကြောင့်ဟု ထူး စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ခံ ဦးဝင်းနိုင်ဌေးက ပြောသည်။

“ ဒီစစ်တွေ ကားလမ်းပိတ်ကတည်းက ဆီကားတွေလည်း ပိတ်မိနေတာ။ ဆီလက်ကျန်ရှိတဲ့ ဆိုင်တွေက ၃၊ ၄ ရက်လောက် ရောင်းချပေးနိုင်ပေမယ့် အခုက ဆီဆိုင်တွေအားလုံးနီးပါက လက်ကျန်ပါ မရှိတော့ဘူးလို့ ကြားရတယ် ” ဟု ဦးဝင်းနိုင်ဌေးက ပြောသည်။

စစ်တွေမြို့တွင်းတွင် အဓိက ဆီဆိုင်ကြီး ၅ ဆိုင်ရှိသော်လည်း လက်ရှိတွင် အားလုံးပိတ်ထားသည်ကို DMG က ယနေ့ တွေ့ခဲ့ရသည်။

ယင်းသို့ ကားလမ်းဆက်ပိတ်မိနေပါက စစ်တွေတစ်မြို့နယ်လုံးရှိ စက်သုံးဆီဖြင့် လည်ပတ်နေရသည့် လုပ်ငန်းများ ထိခိုက်မှုရှိလာနိုင်သည့်အတွက် ကားလမ်းအမြန်ဆုံးဖွင့်ရန် မျှော်လင့်ကြောင်း ဦးဝင်းနိုင်ဌေးက ဆက်‌ပြောသည်။

“ စက်သုံးဆီ တော်တော်များများက ဒီကုန်းလမ်းကနေ လာတဲ့အခါကကျတော့ ဒီလိုသာ ဆက်ပြီး လမ်းပိတ်နေရင် အရောင်းဆိုင်တွေရော ဒီစက်သုံးဆီကို သုံးစွဲလည်ပတ်နေတဲ့ လုပ်ငန်းတွေအတွက်ပါ အခက်အခဲရှိသွားနိုင်တာပေါ့။ ကျနော်တို့က ဒီလမ်းကိုပဲ အားကိုးနေရတဲ့ အခါကျတော့ လမ်းကိုအမြန်ဆုံး ဖွင့်စေချင်တာပေါ့ ” ဟု ၄င်းကပြောသည်။

စစ်ကောင်စီက သတ်မှတ်ထားသည့် စက်သုံးဆီဈေးနှုန်းအရ 92 အောက်တိန်း တစ်လီတာကို ၂၂၃၀ ကျပ်နှင့် 95 အောက်တိန်း တစ်လီတာကို ၂၃၄၀ ကျပ်နှင့် ပရီမီယံဒီဇယ်ဆီတစ်လီတာကို ၂၇၆၀ ကျပ်၊ ဒီဇယ်ဆီတစ်လီတာကို ၂၈၃၅ ကျပ်ရှိကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

သို့သော်လည်း စစ်တွေရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပြတ်လပ်နေမှု၏ အကျိုးဆက်အဖြစ် လမ်းဘေး အပြင်ဆိုင်များတွင်သာ သတ်မှတ်ဈေးနှုန်းထက် အပိုပေးကာ လုယက်ဝယ်နေကြရသည်။

ထိုသို့ ဝယ်ယူရာတွင်လည်း အကန့်အသတ်ဖြင့်သာ ရောင်းချခြင်းဖြစ်ကြောင်း သုံးဘီးယာဉ်မောင်းနှင်သူ ကိုအောင်ဆန်းဝင်းက ပြောသည်။

“ ဆိုင်တွေက အကုန်ပိတ်ထားတဲ့အခါကျတော့ ရေသန့်ဗူးတွေနဲ့ ရောင်းနေတဲ့ အပြင်ဆိုင်ကနေ ဒီမနက် အောက်တိန်း 92 တစ်လီတာကို ၃၅၀၀ ကျပ်နဲ့ ထည့်ခဲ့ရတယ်။ ဒါတောင် ကိုယ်လိုသလောက် ထည့်လို့မရခဲ့ဘူး။ အကန့်အသတ်နဲ့ ရောင်းတယ် “ဟု ၄င်းကဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာနှင့်ဆင်အင်းကြီးကျေးရွာကြားတွင် ပြီးခဲ့သည့် နိုင်ဝင်ဘာလ ၁၀ ရက်နေ့က မြန်မာစစ်တပ်ယာဥ်တန်းကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေး တင်းမာခဲ့ကာ မြန်မာစစ်တပ်က ယခုကဲ့သို့ ကားလမ်းကိုပိတ်ဆို့လိုက်ခြင်းဖြစ်သည်။

ဗီဒီယိုများ