တစ်ပတ်အတွင်း ရခိုင်သတင်းများ စုစည်းမှု

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှ သတင်းများကို စုစည်းတင်ဆက်ပေးထားပါသည်။

By Admin 16 Oct 2022

တစ်ပတ်အတွင်း ရခိုင်သတင်းများ စုစည်းမှု

 မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာတွင် အောက်တိုဘာလ ၁၃ ရက်နေ့က စစ်ကောင်စီ စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီးနောက် နေအိမ်နှစ်လုံး မီးရှို့ခံခဲ့ရသည်။

အောက်တိုဘာ ၈

  • ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မွန်ထောင့်ချောင်းထဲကျေးရွာထဲသို့ အောက်တိုဘာ ၇ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၄၆)နှစ်အရွယ် ဒေါ်မညိုစိန်မှာ ဒဏ်ရာရရှိသွားသဖြင့် ပလက်ဝဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။ 
  •  စစ်ကောင်စီက ကျင်းပရန်စီစဉ်နေသည့် လာမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရခိုင်ပြည်က အင်အားကြီးပါတီများဖြစ်သော ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင့်ဦးဆောင်ပါတီ (AFP) တို့ အနေဖြင့် တစ်စုံတစ်ရာ ပြင်ဆင်ဆောင်ရွက်မှုများ မရှိသေးကြောင်း သက်ဆိုင်ရာ ပါတီတာဝန်ရှိသူများထံမှ သိရသည်။
  • ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် နှမဒါကျေးရွာမှ အလယ်တန်းပြကျောင်းဆရာ ဦးမောင်ဝင်းသန်းနှင့် ပလက်ဝမြို့ သင်္ဘောဆိပ်ရပ်ကွက်မှ ဦးကျော်ကျော်တို့ကို အောက်တိုဘာလ ၆ ရက်နေ့ကတည်းက မြန်မာစစ်တပ်ကဖမ်းဆီးကာ ပလက်ဝအခြေစိုက် (၂၈၉) တပ်ရင်းသို့ ခေါ်ဆောင်သွားသော်လည်း မိသားစုနှင့်တွေဆုံခွင့် မရသေးကြောင်း သိရသည်။ 
  •  မြန်မာစစ်တပ်က ဖမ်းဆီးရန်လိုက်ရှာနေ၍ ရခိုင်ပြည်၊ အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စံအပါအဝင် ကျေးရွာသား ၃၃ ဦးအား မြန်မာစစ်တပ်က ဝင်ရောက်လာပြီး အမည်စာရင်းနှင့်တကွ ဖမ်းဆီးရန် ရှာဖွေခဲ့သဖြင့် တိမ်းရှောင်နေခဲ့ကြရသည်။

အောက်တိုဘာ ၉

  • သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၉ ရက်) နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဝင်္ကဘာကွင်း၌ ဆွမ်းတော်ကြီးလောင်းလှူပွဲကို ပြည်လုံးချမ်းသာဘုရားကြီး ဂေါပကအဖွဲ့က ဦးဆောင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
  • ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) တပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အပြင် ဖမ်းဆီးရိုက်နှက်ခဲ့မှုများကြောင့် စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှ ကိုရန်နောင်စိုး(ခ) နှင်းမောင် (၃၉)နှစ်တွင် နဖူးကွဲဒဏ်ရာ၊ ကိုခင်မောင်ဝင်း(ခ)အောင်ကျော်ဌေး (၃၇)နှစ်တွင် ဝမ်းဗိုက်နှင့် ပေါင်နှစ်ဖက်တို့တွင် သေနတ်ဒဏ်ရာအပါအဝင် ဒဏ်ရာများရရှိခဲ့ကာ စစ်တွေဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
  • ရခိုင်ပြည်၊ ရမ်းဗြဲမြို့သို့် ပန်းရံအလုပ်သွားလုပ်သည့် စနဲမြို့မှ ဒေသခံလေးဦး ဖြစ်ကြသည့် စနဲမြို့ ကံပြင်စုရပ်ကွက်မှ ကိုထွန်းမြင့်အောင်(ခ)ခေါင်းချွန်း (၂၈)နှစ်၊ ကိုဧပြီကျော် (၃၂)နှစ်၊ ကိုဟန်ထွန်း (၃၂)နှစ်နှင့် စနဲမြို့ ချင်းမင်းပြင်ကျေးရွာမှ ကိုအောင်ကျော်ဝင်း (၃၂)နှစ်တို့ကို ရမ်းဗြဲမြို့နယ်၊ ခမောင်းချေတိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ တပ်စွဲထားသည့် မြန်မာစစ်တပ် စစ်ကြောင်းတစ်ခုက ဖမ်းဆီးသွားခဲ့သည်။

အောက်တိုဘာ ၁၀

  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များကို စက်တင်ဘာ ၂၈ ရက်နေ့မှစ၍ လုပ်ပေးနေပြီး တစ်နေ့လျှင် ဆိုင်ကယ်အစီးရေ ၁၀၀ ခန့်အတွက် လိုင်စင်ထုတ်ပေးလျက်ရှိသည်ဟု ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
  • ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်မှ လူရာနှင့်ချီပါဝင်သည့် ကြက်ဝိုင်းကို အောက်တိုဘာလ ၇ ရက်နေ့တွင် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ယင်းလူအုပ်ထဲမှ ဖမ်းဆီးရမိသူ ၁၈ ဦးကို အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အောက်တိုဘာ ၁၁

  • ရခိုင်ပြည်၊ မြေပုံမြို့နယ်ရှိ င/ပသုန်တိုက်နယ်ဆေးရုံအတွက် ဆေးဝါးများသယ်ဆောင်ပေးခဲ့သည့် စက်လှေတစ်စီးကို မြန်မာစစ်တပ်ကဖမ်းဆီးခဲ့ပြီး စက်လှေပိုင်ရှင် ဦးသိန်းဘုချေ (၅၅)နှစ်၊ စက်ဆရာ ဦးမောင်ခင်ဝင်း (၅၀)နှစ်နှင့် စက်လှေမောင်းသူ ဦးအေးထွန်း(၄၅)နှစ်တို့ သုံးဦးကို အမျိုးသားဆေးဝါးဥပဒေ ပုဒ်မ-၁၉(ခ)ဖြင့် အမှုဖွင့်ထားကြောင်း အမှုဖွင့်ခံထားရသည့် ကာယကံရှင်များထံမှ သိရသည်။
  • ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် မကြာသေးမီက မွေးဖွားထားသည့် ဆင်ဖြူတော်အပါအဝင် ဆင်လေးကောင်ကို စစ်ကောင်စီက အောက်တိုဘာလ ၁၁ ရက်နေ့တွင် တောင်ကုတ်မှ ရန်ကုန်သို့ ယူဆောင်သွားခဲ့သည်။
  •  မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံထားရသည့် သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေး ကိုဖြိုးမောင်မောင်နှင့် ပြည့်ဖြိုးသန္တာ ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်ဝင်းတို့ကို အောက်တိုဘာလ(၇)ရက်နေ့တွင် ငပလီမြို့အခြေစိုက် ခလရ(၅၅)တပ်ရင်းမှ ဖမ်းဆီးသွားခြင်းဖြစ်ပြီး မသားစုဝင်များနှင့် တွေ့ခွင့်မရရှိသေးကြောင်း သိရသည်။
  • ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်မှ အသက်(၃၂)အရွယ် ကိုမောင်တင်ထွန်းမှာ ကုလဘာတောင်ရပ်ကွက်ရှိ Topstar အားကစားခန်းမမှ အားကစားလုပ်ပြီး ပြန်လာသည့်လမ်းတွင် အရပ်ဝတ်နှင့်လူတစ်စုမှ စစ်ဆေးစရာရှိသည်ဟုဆိုကာ အောက်တိုဘာလ(၁၁)ရက်နေ့ ညနေပိုင်းတွင် အရပ်ဝတ်နှင့်လူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။
  • ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကံ့ကော်တောဘုရားအနီးတွင် တည်ဆောက်ထားသည့်  သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို အောက်တိုဘာလ ၁၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး စမ်းသပ်ကာလအနေဖြင့် စတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၂

  • ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုအကျိုးဆက်ကြောင့် အရပ်သားဒေသခံများ သေဆုံး၊ဒဏ်ရာရရှိမှုများအပါအဝင် စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ရာတွင် မျှမျှတတထုတ်ပြန်ရန် ရခိုင်အမျိုးသားပါတီ(ANP)ကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ သတိပေးခဲ့သည်။
  • ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ပြည်တွင်း စီးပွာရေးလုပ်ငန်းရှင်တစ်ဦးမှ အမေရိကန်ဒေါ်လာငွေ ၅ သိန်းခွဲ လက်ခံခဲ့သည်ဟု စွပ်စွဲချက်ဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အဂတိအမှုနှစ်မှုအတွက် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။
  • ရခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ ကျောင်းဆရာ၊ ဆရာမများထံမှ လစာငွေများဖြတ်ထောက်ပြီး ရက္ခိုင့်တပ်တော်(AA)ကို ငွေကြေးထောက်ပံ့ပေးနေသည်ဟုဆိုကာ မင်းပြားမြို့နယ် ဒုတိယပညာရေးမှူး ဦးတင်မျိုးဇော်  (၄၂ နှစ်)ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ- ၁၇(၁)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
  • ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ မင်းချောင်းတံတားအနီးတွင် ဆိုက်ကပ်ထားသည့် စက်လှေ ၉ စီးကို သွားလာခွင့်ပိတ်ထားစဉ် ကုန်ပစ္စည်းများကို ခိုး၍ သယ်ဆောင်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးထားပြီး အဆိုပါစက်လှေများမှ တာဝန်ရှိသူ ၉ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
  • မလေးရှားရောက် ရခိုင်လူမျိုးများကို ကူညီဆောင်ရွက်ရာတွင် အဓိကကျသည့် ကွာလာလမ်ပူ၊ ပူဒူးမြို့အခြေစိုက် ရက္ခိုင့်လူမှုကယ်ဆယ်ရေးရုံး(ARRC)ရုံးကို မလေးရှားအာဏာပိုင်များက ဝင်ရောက်စီးနင်းပြီး ရုံးတာဝန်ရှိသူများ အပါအဝင် စုစုပေါင်း ၂၀ ဦးကို ဖမ်းဆီးသွားခဲ့သည်။

အောက်တိုဘာ ၁၃

  • ရခိုင်ပြည်အတွင်းက မြို့နယ်တချို့တွင် မြန်မာစစ်တပ်က သွားလာခွင့် ကန့်သတ်ပိတ်ပင်ထားသဖြင့် ကျေးရွာအချို့တွင် ဆေးဝါးပြတ်လပ်မှုများနှင့်ကြုံတွေ့နေရကြောင်း ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများရှိနေသည့် ဒေသခံများကပြောကြသည်။
  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် မေလမှ ယခု(အောက်တိုဘာလ) တတိယပတ်အထိ ရှစ်လကျော်ကာလအတွင်း ကြိုးဆွဲချသေဆုံးသူ ၇ ဦးရှိကြောင်း စစ်တွေမြို့အခြေစိုက် လူမှုကူညီရေး အဖွဲ့တစ်ခုဖြစ်သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏ မှတ်တမ်းအရ သိရသည်။
  • ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာတွင် အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီးနောက် နေအိမ်နှစ်လုံး မီးရှို့ခံခဲ့ရကြောင်း ဒေသခံရွာသားများကပြောသည်။
  • ရခိုင်ပြည်၊ အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုအတွင်းရှိ ကျေးရွာပေါင်း(၄၈)ရွာကို မြန်မာစစ်တပ်မှ ရေကြောင်းသွားလာခွင့်နှင့် ရေကြောင်းမှ ရိက္ခာသယ်ယူခွင့်ကို အောက်တိုဘာလ(၁၃)ရက်နေ့မှစ၍ ပိတ်ထားခဲ့သည်။

အောက်တိုဘာ ၁၄

  • ရခိုင့်ဦးဆောင်ပါတီ(AFP)၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ ပြည်နယ်လွှတ်တော် အမတ်ဟောင်းလည်းဖြစ်သူ ဦးကျော်လွင်ကို ဖမ်းဆီးထားခြင်းမှ ပြန်လွှတ်ပေးရန် ၎င်းပါတီက အောက်တိုဘာလ ၁၄ ရက်နေ့တွင် တောင်းဆိုခဲ့သည်။
  • ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းတိုက်နယ်၏ ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) တိုက်နယ်မှူး ကိုဗြားကြီး (ခ) ကိုမျိုးမင်းဇော်ကို မြန်မာစစ်တပ်က အောက်တိုဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသွားခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။
  • ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီမှ သွားလာခွင့်ကန့်သတ်ပိတ်ပင်ထားမှုများကြောင့် မောင်တောနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်တန့်မည့်အခြေအနေနှင့် ကြုံတွေ့နေရသည်ဟု ကုန်သွယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
  • ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ညီအစ်ကိုနှစ်ဦးဖြစ်သည့် ပလုပ်တောင်ရပ်ကွက်မှ ကိုခိုင်ဆန်းဖြိုး(၂၅ နှစ်) အား အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ၎င်း၏အစ်ကိုဖြစ်သူ ညောင်ပင်ကုန်းရပ်ကွက်မှ ဦးစောလှ(၃၀ နှစ်)အား အောက်တိုဘာလ ၁၄ ရက်နေ့တွင် မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့သည်။
  • ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြသည့် ကံပိုင်ရပ်ကွက်မှ ကြယ်ရတနာရွှေဆိုင်ပိုင်ရှင် ဦးကျော်ရင် (၆၀)နှစ်၊ ကံပိုင်ရပ်ကွက်မှ ဖုန်းအရောင်းဆိုင်ပိုင်ရှင် ဦးကျန်အောင်(၆၀)နှစ်နှင့် ချောင်းကောက်ရပ်ကွက်မှ အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေအရောင်းဆိုင်ပိုင်ရှင် ဦးသန်းငွေကြည်(၅၃)နှစ်တို့ (၃)ဦးကို အောက်တိုဘာလ(၁၄)ရက် နေ့လယ်ပိုင်းတွင် မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များမှ လာရောက်ဖမ်းဆီးသွားခဲ့သည်။ 

အောက်တိုဘာ ၁၅

  • ရခိုင်ပြည်၊ မောင်တောမြို့နယ် ‘ကရုဏာ’ကွန်ယက်မှ ဘဏ္ဍာရေးမှူး ဦးလှသိန်း(၃၅ နှစ်)နှင့် ၎င်း၏ယောက်ဖဖြစ်သူ ကိုအောင်မြတ်ငြိမ်း (၂၅ နှစ်)တို့ကို မြန်မာစစ်တပ်က အောက်တိုဘာလ ၁၄ ရက် ည ၁၁ နာရီခန့်တွင် ဖမ်းဆီးခဲ့ပြီး ကိုအောင်မြတ်ငြိမ်းကို အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် ပြန်လွှတ်ပေးခဲ့သည်။
  • အောက်တိုဘာလ ၁၃ ရက်နေ့၊ ညနေ ၁၁ နာရီခန့်တွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သည့် ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုအကွက်(၂)မှ ဒေသခံ(၇)ဦးဖြစ်သည့် ဦးခင်မောင်ကျော်၊ ဦးသန်းကျော်နိုင်၊ ဦးအောင်သန်းဝင်း၊ ဦးမောင်သန်းဌေး၊ ဦးထွန်းဝင်းနိုင်နှင့် ယင်းရပ်ကွက်တွင် လာရောက်နေထိုင်သူ နှစ်ဦးတို့နှင့် အဆက်အသွယ်မရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။
  • အောက်တိုဘာ ၁၅ ရက်နေ့က ကားဝပ်ရှော့လုပ်ကိုင်နေသူများနှင့် အနီးအနားတွင်ရှိသည့် ရမ်းဗြဲမြို့ဒေသခံ ဦးစံလင်း အသက် ၅၅နှစ်၊ ဦးထွန်းထွန်းအောင် ၄၀ နှစ်၊ ဦးကျော်မင်းဟန် ၃၉ နှစ်၊ ကိုပြည့်ဖြိုးအောင် ၃၂ နှစ်၊ ဦးစိုးနိုင် အသက် ၄၃ နှစ် နှင့် ဦးအောင်နိုင်စိုးအပါအဝင် ၁၂ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။

ဗီဒီယိုများ