- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
ထိုင်းတွင် ရွှေ့ပြောင်းလုပ်သားများ နေထိုင်လုပ်ကိုင်ခွင့်ကတ် လျှောက်ထားရက် တိုးပေး
ထိုင်းအလုပ်ရှင်များကလည်း အလုပ်သမားအမည်စာရင်းနှင့် အချက်အလက်များအား ထိုင်းနိုင်ငံမြို့နယ်အသီးသီးရှိ အလုပ်သမားရုံးများတွင် အမည်စာရင်းလျှောက်လွှာ တင်သွင်းရမည် ဖြစ်သည်။
10 Jul 2023

DMG ၊ ဇူလိုင် ၁၀
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ကတ် လျှောက်ထားမည့်ရက်ကို မေလကုန်အထိ သတ်မှတ်ထားရာမှ ဇူလိုင်လကုန်အထိ တိုးမြှင့်ခွင့်ပြုပေးလိုက်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယခုလပထမသီတင်းပတ်တွင် ကြေညာလိုက်သည်။
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စသည့်နိုင်ငံသားများထဲတွင် နိုင်ငံကူးလက်မှတ်သက်တမ်း ကုန်ဆုံးနေသူများ၊ အလုပ်ရှာမရသေးသူများ၊ တရားမဝင်လုပ်သားများ လျှောက်ထားနိုင်ပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ကတ်ရမည်ဖြစ်သည်။
“ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းအစိုးရအနေနဲ့ အခုလိုလုပ်ဆောင်တာကို ကြိုဆိုပါတယ်။ အထောက်အထား ပါမလာသူတွေ၊ မရှိတဲ့သူတွေပါဆိုတဲ့အတွက် ဒီတကြိမ်မှာရအောင်လုပ်ဖို့ ရွှေ့ပြောင်းအလုပ်သမားတွေမှာ အခွင့်အရေးတစ်ခုရသွားတယ် ပြောရမယ်” ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုင်းအလုပ်ရှင်များကလည်း အလုပ်သမားအမည်စာရင်းနှင့် အချက်အလက်များအား ထိုင်းနိုင်ငံမြို့နယ်အသီးသီးရှိ အလုပ်သမားရုံးများတွင် အမည်စာရင်းလျှောက်လွှာ တင်သွင်းရမည် ဖြစ်သည်။ သို့သော်လည်း အလုပ်ရှင်တချို့က ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ ကြားခံပွဲစားများမှတဆင့် ဆောင်ရွက်ခိုင်းမှုများရှိနေသဖြင့် အလုပ်သမားများမှာ ကုန်ကျစရိတ် များပြားနေကြောင်း သိရသည်။
“စာရင်းသွင်းဖို့ အမှန်က ပိုက်ဆံက အများဆုံးကုန်မှ ဘတ် ၃,၀၀၀ ပဲရှိတယ်။ အခုအနေအထားက အလုပ်သမားကလည်း နားမလည်တာရယ် အလုပ်ရှင်သူဌေးက မလုပ်ပေးတာဆိုတော့ ပွဲစားကနေတဆင့်ပဲ လုပ်ရတာ။ ဘတ် ၅,၀၀၀ ကနေ ၁၀,၀၀၀ အထိ ကုန်ကျခံမှ စာရင်းဝင်တယ်။ ရတဲ့လစာနဲ့ ပွဲစားခကို ပေးရတာက အဆင်မပြေဘူး။ ဒါမေမဲ့ ကြိုးစားပြီး လုပ်ရတာပဲလေ” ဟု မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ဆိုသည်။
ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ်(Non-Thai ID Card)၊ သက်သေခံလက်မှတ် (Certificate of Identity – CI) ခေါ်စာအုပ်အစိမ်းနှင့် Passport (အနီရောင်စာအုပ်) များရှိမှသာ အလုပ်လုပ်ကိုင်ခွင့်နှင့် တရားဝင်နေထိုင်ခွင့် ရရှိမည်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၅ သိန်းကျော်ရှိပြီး ယင်းအထဲက ၂ သိန်းကျော်မှာ စစ်အာဏာသိမ်းပြီးနောက်တွင် ရောက်ရှိလာခြင်းဖြစ်သည်။ ယင်းအပြင် တရားမဝင် ရောက်ရှိနေသူများလည်း အများအပြားရှိနေပြီး စာရင်းအတိအကျ မသိရသေးကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
#F004