နေရပ်ပြန်နိုင်ရေးအတွက် တင်းမကျေးရွာသားများ ဆက်လက်တောင်းဆိုနေကြသော်လည်း ထူးခြားမှု ရှိမလာသေး

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား နှစ်ဘက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားချိန်တွင် နေရပ်ပြန်နိုင်ရေးအတွက် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ တင်းမကျေးရွာသားများက ဆက်လက် တောင်းဆိုနေကြသည်။

By Admin 28 Dec 2022

နေရပ်ပြန်နိုင်ရေးအတွက် တင်းမကျေးရွာသားများ ဆက်လက်တောင်းဆိုနေကြသော်လည်း ထူးခြားမှု ရှိမလာသေး

မီးလောင်ပျက်စီးသွားသည့် တင်းမကျေးရွာမှနေအိမ် အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံတင်းမဆရာတော် (Facebook)

DMG| ဒီဇင်ဘာ ၂၈

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား နှစ်ဘက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားချိန်တွင် နေရပ်ပြန်နိုင်ရေးအတွက် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ တင်းမကျေးရွာသားများက ဆက်လက် တောင်းဆိုနေကြသည်။

တိုက်ပွဲများငြိမ်သက်နေချိန်တွင် နေရပ်ပြန်နိုင်ရေးအတွက် မိုင်းလင်းရှင်းပေးရန်၊ မီးလောင်ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်ဆောက်လုပ်ပေးရန် စသည့် ကိစ္စရပ်များကို တောင်းဆိုထားသော်လည်း ယခုအချိန်ထိ အကြောင်းပြန်လာခြင်းမရှိသေးဟု တင်းမဆရာတော်အရှင် ဝါယမိန္ဒက မိန့်သည်။

“နေရပ်ပြန်ရေးကိစ္စ၊ မိုင်းရှင်းလင်းရေး၊ မီးလောင်သွားတဲ့ အိမ်တွေကို ပြန်လည်ဆောက်လုပ်ပေးဖို့ ကိစ္စတွေကို တောင်းဆိုထားတာရှိတယ်။ ရွာသားတွေကလည်း ရွာအနီးမှာ မြန်မာစစ်တပ်ရှိနေတော့ နေရပ်ပြန်မဲ့ကိစ္စကို နည်းနည်းစိုးရိမ်မှုတွေ ရှိနေတာပေါ့။ စစ်ကောင်စီဖက်က လုံခြုံစိတ်ချမှုပေးရင်တော့ ပြန်မှာပေါ့။ ဒါပေမဲ့ အခု အချိန်ထိ စစ်ကောင်စီဘက်က ဖြေရှင်းချက်ပေးတာတို့၊ အကြောင်းပြန်တာတို့ မရှိသေးဘူး” ဟု ဆရာတော်က မိန့်သည်။

မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တင်းမကျေးရွာသားများမှာ ပြီးခဲ့သည့် ၂၀၂၀ခုနှစ်၊ မတ်လ အတွင်းကပင် ရွာလုံးကျွတ် နေရပ်စွန့်ခွာခဲ့ကြရပြီး တင်းမကျေးရွာတွင် နေအိမ် ၆၀၀ ကျော်ရှိသည့်အနက် ၁၃၀ ခန့်မှာ မီးလောင်ပျက်စီး ဆုံးရှုံးသွားခဲ့ရသည်။

နှစ်ဘက်တိုက်ပွဲများသည် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတွင် နားလည်မှုဖြင့် ရပ်တန်ခဲ့ကြသည်။ ယင်းနောက် တင်းမကျေးရွာသားများသည် ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်းမှစတင်ကာ နေရပ်ပြန်နိုင်ရေးအတွက် ပြည်နယ် စစ်ကောင်စီနှင့် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ၈ ကြိမ်အထိ တင်ပြတောင်းဆို ခဲ့ကြသည်။

သို့သော် တစ်စုံတစ်ရာ ထူးခြားမှုရှိမလာခဲ့ဘဲ ရခိုင်ဒေသတွင် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာ ခဲ့သည်။ ယခု ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့မှစတင်ကာ စစ်ကောင်စီနှင့် AA တို့ အပစ်အခတ်ရပ်စဲထားကြ သဖြင့် နေရပ်ပြန်ခွင့်ရရှိရေးအတွက် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ၉ ကြိမ်မြောက်အဖြစ် စာတင်ပြီး ထပ်မံတောင်းဆိုထားသည်ဟု တင်းမရွာသားများထံမှ သိရသည်။

လက်ရှိတွင် တင်းမကျေးရွာသားများမှာ စစ်ဘေးဒုက္ခသည်အဖြစ်ဖြင့် နေထိုင်လာသည်မှာ သုံးနှစ်ခန့်အထိ ကြာမြင့်လာသဖြင့် တိုက်ပွဲများရပ်တန့်ထားချိန်တွင် နေရပ်ပြန်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးအပါအဝင် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို အမြန်ဆုံးလုပ်ဆောင်ပေးရန် တင်းမကျေးရွာသားများမှ တောင်းဆို နေကြခြင်းဖြစ်သည်။

“ကျနော်တို့ နေရပ်ပြန်ရင် အသက်အာမခံချက် ဘယ်လောက်ထိပေးနိုင်မလဲပေါ့။ ပြီးတော့ မီးလောင်ဆုံးရှုံး သွားတဲ့ဟာတွေ၊ မိုင်းနဲ့စစ်ကျန်လက်နက်တွေကို ရှင်းပေးရမယ်။ တခြားကျန်းမာရေး၊ ပညာရေးကအစ ပြီးပြည့် စုံအောင် မလုပ်ပေးနိုင်တောင် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ၊ အာမခံချက်တွေပေးသင့်တယ်။ ဒါမှ နေရပ်ကို ပြန်ဖို့ အဆင်ပြေမယ်။ အခုလို ကျဉ်းကျဉ်းကျပ်ကျပ်နေရတဲ့ စစ်ဘေးရှောင်စခန်းမှာ ကျနော်တို့ နေကိုမနေချင် တာပါ။ အခုပြန်လို့ရရင်တောင် အခုထပြန်ချင်တယ်” ဟု အမည်မဖော်လိုသည့် တင်းမကျေးရွာသား တစ်ဦးက ပြောသည်။

တကျော့ပြန်တိုက်ပွဲများဖြစ်ပွားနေချိန်တွင် စစ်ကောင်စီမှ တင်းမကျေးရွာသားများကို နေရပ်ပြန်ပို့ရန်အတွက် လူဦးရေစာရင်းကောက်ယူများမှုရှိခဲ့သော်လည်း ရွာသားများမှာ စိုးရိမ်မှုများကြောင့် နေရပ်မပြန်ရဲခဲ့ကြဟု တင်းမကျေးရွာသားများထံမှ သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်များမှာ ကူညီထောက်ပံ့မှုများ ပုံမှန်မရရှိခြင်း၊ အကူညီများနည်းပါးလာခြင်းတို့ကြောင့် အကျပ်အတည်းများနှင့် ကြုံတွေ့နေရသဖြင့် မိမိနေရပ်တွင် ပြန်လည်အခြေချနေထိုင်ပြီး လုပ်ကိုင်စားသောက် ချင်သည်ဟု တင်းမကျေးရွာမှ စစ်ဘေးရှောင် မမိအေးဝင်းက ပြောသည်။

“ နေရပ်ပြန်ချင်နေပါပြီ။ ဒီမှာနေရတာ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ဆန်တွေ၊ အထောက်အပံ့တွေလည်း ပုံမှန်မရဘူး။ အလုပ်အကိုင်တွေလည်း အပြင်မှာ သွားလုပ်ရတာအဆင်မပြေတော့ သားသမီးပညာရေးတွေ အတွက်လည်း အခက်အခဲဖြစ်လာတယ်။ ရွာကိုပြန်ပြီး လုပ်ကိုင်စားသောက်ချင်တယ်။ ဒါကြောင့် စစ်ကောင်စီဘက်က ကျမတို့နေရပ်ပြန်နိုင်အောင် မိုင်းရှင်းပေးစေချင်တယ်။ ပျက်စီးမှုတွေအတွက်လည်း ပြန်လည်ပြုပြင်ပေးစေချင်တယ်။ ရွာနားကတပ်စခန်းတွေကိုလည်း အမြန်ဆုံးပြန်ရုတ်ပေးစေချင်ပါတယ်” ဟု သူက ပြောသည်။

တင်းမကျေးရွာသားများနေရပ်ပြန်နိုင်ရေးကိစ္စနှင့်ပတ်သက်၍ ပြည်နယ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းအား DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

လက်ရှိအပစ်ခတ်ရပ်စဲနေချိန်တွင် ရခိုင်နှင့် ပလက်ဝမြို့နယ်တို့မှ စစ်ဘေးရှောင်အချို့မှာ နေရပ်ပြန်မှုများ ရှိလာ နေသလို ရခိုင်ပြည်နယ် စစ်ကောင်စီကလည်း နေရပ်ပြန်မည့်စစ်ဘေးရှောင်များ စာရင်းကို ကောက်ယူနေပြီး နေရပ်ပြန်ပို့ပေးသွားမည်ဟု မီဒီယာများကို ထုတ်ဖော်ပြောဆိုထားသည်။

ဗီဒီယိုများ