စစ်သားနှစ်ယောက်ဟာ သူတို့ရဲ့ ရာဇဝတ်မှုတွေကို လေသံအတက်အကျမရှိ ဝန်ခံနေကြပါတယ်။ လူသတ်မှု၊ အစုလိုက်အပြုံလိုက် မြေမြှုပ်မှု၊ ကျေးရွာတွေကို ဖျက်ဆီးမှု၊ မုဒိမ်းမှုတွေအတွက်ဖြစ်ပါတယ်။
တပ်သားမျိုးဝင်းထွန်းတစ်ယောက် ၂၀၁၇ သြဂုတ်လမှာ သူ့အထက်အရာရှိဆီက ရခဲ့တဲ့ အမိန့်ကတော့ ရှင်းပါတယ်။ “မြင်တာကြားတာ အကုန်ပစ်” ဆိုတာပဲ ဖြစ်ပါတယ်။
အထက်အမိန့်ကို နာခံပြီး မွတ်ဆလင် အယောက် ၃၀ ကို သတ်ဖြတ်မှုမှာ သူလည်းပါဝင်ခဲ့ပါတယ်။ ဒီလူတွေကို သတ်ဖြတ်ပြီး မျှော်စင်တစ်ခုနဲ့ တပ်စခန်းတစ်ခုရှိတဲ့ နေရာအနီးမှာ အုပ်စုလိုက် မြေမြှုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တစ်ချိန်တည်းနီးပါးမှာပဲ အနီးက မြို့မှာလည်း တပ်သားဇော်နိုင်ထွန်းနဲ့ သူ့ရဲဘော်တွေ ပါလာတဲ့ တပ်စိတ်တစ်ခုဟာ အမိန့်တစ်ခု ရခဲ့ပါတယ်။ “ကလေး၊ လူကြီး မြင်သမျှအကုန်သတ်” ဆိုတာပဲ ဖြစ်ပါတယ်။
သူတို့တွေ ရှင်းလင်းခဲ့တဲ့ကျေးရွာပေါင်း ၂၀ ခန့်ရှိပြီး သူလည်း အလောင်းတွေ မြေမြှုပ်ရာမှာ ပါဝင်ခဲ့တယ်လို့ တပ်သားဇော်နိုင်ထွန်းက ပြောပါတယ်။
ဒီစစ်သားနှစ်ယောက် ပွင့်ပွင့်လင်းလင်းဝန်ခံထားတဲ့ ဗီဒီယိုဖိုင်ဟာ နိုင်ငံရဲ့လူနည်းစု မွတ်ဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ဖို့ ကြံစည်နေတယ်လို့ ကုလသမဂ္ဂအရာရှိတွေ စွပ်စွဲထားမှုနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော်ဆီက ပထမဆုံးထွက်ပေါ်လာတဲ့ ဖိုင်ဖြစ်ပါတယ်။
သူတို့နှစ်ယောက်ကိုတော့ တနင်္လာနေ့မှာ သည်ဟိဂ်ကို ပို့လိုက်ပါပြီ။ ရိုဟင်ဂျာတွေအပေါ် မြန်မာ့တပ်မတော်ခေါင်းဆောင်တွေ ကြီးမားတဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းရှိ မရှိဆိုတာကို အဲဒီမှာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က အမှုဖွင့်စစ်ဆေးနေပါတယ်။
ဒီတပ်သားနှစ်ယောက်ရဲ့ ထွက်ဆိုချက်တွေဟာ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ မွတ်ဆလင်တစ်သန်းခန့်ဆီက ရရှိစုဆောင်းထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်ရပ်တွေနဲ့လည်း ကိုက်ညီနေပါတယ်။ ပိုပြီး ထူးခြားတဲ့အချက်ကတော့ ဒီထွက်ဆိုချက်တွေဟာ ဒုက္ခသည်တွေဆီက မဟုတ်ဘဲ ကျူးလွန်ခံရသူတွေဆီက ထွက်လာတာ ဖြစ်လို့ပါပဲ။
“ဒီဖြစ်ရပ်ကတော့ ရိုဟင်ဂျာတွေနဲ့ မြန်မာလူထုရဲ့ တရားမျှတမှုအထွက် ထူးခြားတဲ့အခိုက်အတန့် ဖြစ်ပါတယ်။” လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Fortify Rights ရဲ့ အုပ်ချုပ်ရေးမှူး မက်သယူးစမစ်က ပြောပါတယ်။
ဒီစစ်သားနှစ်ယောက်ဟာ သူတို့ဝန်ခံထားတဲ့ ရာဇဝတ်မှုတွေကို အမှန်တကယ် ကျူးလွန်ခဲ့ခြင်း ရှိ မရှိကိုတော့ နယူးယောက်တိုင်း မဂ္ဂဇင်းက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ စစ်သားနှစ်ယောက်ရဲ့ ထွက်ဆိုချက်ဟာ မျက်မြင်သက်သေတွေနဲ့ လေ့လာသူတွေရဲ့ တွေ့ရှိချက်တွေနဲ့တော့ ကိုက်ညီနေပါတယ်။
အစုလိုက်အပြုံလိုက် မြှုပ်နှံခံခဲ့ရတဲ့ နေရာတွေကို ရွာသားတွေရဲ့ ထောက်ပြချက်တွေနဲ့ ဒီစစ်သားနှစ်ယောက် ညွှန်ပြတဲ့ နေရာတွေဟာလည်း ကိုက်ညီနေပါတယ်။ မြန်မာအစိုးရကတော့ ဒီလို မြှုပ်နှံမှုတွေ မရှိဘူးလို့ ထပ်ခါတလဲလဲ ငြင်းဆိုနေတုန်းပါ။
၂၀၁၇ ခုနှစ်က မွတ်ဆလင်တွေ ထွက်ပြေးရတဲ့ ဖြစ်ရပ်ဟာ ကမ္ဘာပေါ်မှာ အချိန်တိုအတွင်း ဒုက္ခသည်တွေ အုံလိုက်ကျင်းလိုက် ထွက်ပြေးရတဲ့ ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ထဲကနေ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေးကြောင်း ထွက်ပြေးခဲ့ရတဲ့ လူတစ်သန်းနီးပါရဲ့ လေးပုံသုံးပုံခန့်ဟာ သီတင်းပတ်အနည်းငယ်အတွင်း ထွက်ပြေးခဲ့ရတာပါ။ တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ကျေးရွာတွေကို သေနတ်နဲ့ပစ်ခတ်တာအပါအဝင် ခုတ်ဓားတွေ မီးသေနတ်တွေလည်း အသုံးပြုခဲ့ကြပါတယ်။
လူကြီးတွေဟာ ခေါင်းဖြတ်ခံရပြီး မိန်းကလေးငယ်တွေဆိုရင် မုဒိမ်းကျင့်ခံရတယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ နယ်စည်းမထားဆရာဝန်များအဖွဲ့ရဲ့ ပြောကြားချက်အရဆိုရင် ၂၀၁၇ သြဂုတ်လ နှောင်းပိုင်းကနေ စက်တင်ဘာလ နှောင်းပိုင်းအထိ ကာလအတွင်း ကလေးငယ် ၇၃၀ အပါအဝင် မွတ်ဆလင် ၆၇၀၀ ထက်မနည်း အပြင်းအထန် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ၂၀၁၇ နဲ့ ၂၀၁၉ အတွင်း မွတ်ဆလင်ကျေးရွာ ၂၀၀ ခန့် မြေလှန်ဖျက်ဆီးခံခဲ့ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေး အစီရင်ခံစာအဖွဲ့က ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုဆီ ဦးတည်နိုင်တဲ့လုပ်ရပ်တွေ ရှိနေပြီး အစိုးရက အကာအကွယ်ပေးဖို့ ပျက်ကွက်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာအစိုးရကတော့ မွတ်ဆလင်တွေအပေါ် စနစ်တကျကျူးလွန်မှုတွေ မရှိဘူးလို့ ငြင်းဆိုပါတယ်။ မြန်မာနိုင်ငံအပေါ် ICJ က စွပ်စွဲထားတဲ့အပေါ်လည်း နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုပါတယ်။ မွတ်ဆင်တွေအပေါ် ကျူးလွန်မှုကို ပြစ်တင်ရှုတ်ချဖို့ ငြင်းဆန်ပြီး စစ်တပ်ကို ထောက်ခံနေတဲ့အတွက် နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာဟာ အကြီးအကျယ် စွန်းထင်းခံခဲ့ရပြီဖြစ်ပါတယ်။
တပ်မတော်ကတော့ ကျေးရွာအချို့မှာ မှားယွင်းကျူးလွန်မှုတွေ ရှိခဲ့တဲ့ တပ်သားအချို့ကို အပြစ်ပေးလိုက်ပြီလို့ ပြောဆိုပါတယ်။
မြန်မာအစိုးရ အရာရှိတွေကလည်း မွတ်ဆလင်တွေဟာ နိုင်ငံတကာမှာ အသနားခံဖို့အတွက် သူတို့အိမ်ကို သူတို့မီးရှို့ကြတယ်လို့ ပြောပါတယ်။
အခုဝန်ခံလိုက်တဲ့ စစ်သားနှစ်ယောက်ရဲ့ ကံကြမ္မာ ဘယ်လိုရှိမလဲ မသေချာသေးပေမဲ့ သူတို့ဟာ တနင်္လာနေ့မှာ ICC ကို ရောက်သွားပါပြီ။ တရားခွင်မှာ မျက်မြင်သက်သေအဖြစ် ထွက်ဆိုနိုင်သလို အကာအကွယ်လည်း ရရှိနိုင်ပါတယ်။ တရားရုံးကတော့ ထုတ်ပြောဖို့ငြင်းဆန်ပေမယ့် တရားခွင်နဲ့ နီးစပ်သူနှစ်ဦးရဲ့ ပြောကြားချက်အရဆိုရင်တော့ ဒီစစ်သားနှစ်ယောက်ကို အသေးစိတ် စစ်ဆေးမေးမြန်းထားတာ သီတင်းပတ်များစွာ ကြာပါပြီ။
ပုံမှန်အားဖြင့် ICC ဟာ စွပ်စွဲမှုအကြီးစားတွေနဲ့ ပတ်သက်လို့ ရာထူးကြီးအရာရှိတွေကိုပဲ စစ်ဆေးမေးမြန်းလေ့ရှိပါတယ်။ ရာထူးငယ်စစ်သားတွေကို မေးလေ့မရှိပါဘူး။
၂၀၁၇ ခုနှစ် သြဂုတ်လမှာ ခြေမြန်တပ်ရင်း ၃၅၃ နဲ့ ၅၆၅ တို့ဟာ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီအချိန်က တပ်သားမျိုးဝင်းထွန်းရဲ့ကို မွတ်ဆင်တွေအပေါ် ရှင်းလင်းရေးလုပ်ဖို့ အမိန့်ပေးခဲ့တယ်ဆိုတဲ့ တပ်ရင်းမှူးတွေဟာ အဲဒီကာလက နယ်မြေရှင်းလင်းရေး တာဝန်ခံတွေဖြစ်ကြတယ်လို့ စစ်သားအချို့ရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။
စစ်ပြေးဒုက္ခသည်တစ်ဦးဖြစ်သူ ဘာရှာမီယာကတော့ သူ့အဘွားဟာ တခြား မွတ်ဆလင် ၁၆ ယောက်ထက်မနည်းနဲ့ အုပ်စုလိုက် မြေမြှုပ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
“သူ့ကိုသတိရတိုင်း ငိုမိတယ်။ သူ့ကို သေချာ မသဂြိုဟ်ခဲ့ရလို့ စိတ်မကောင်းဘူး” လို့ သူကပြောပါတယ်။
တပ်သားမျိုးမင်းထွန်းက သူနဲ့ သူ့အပေါင်းအပါတွေဟာ အမျိုးသမီး ၈ ဦး၊ ကလေး ၇ ဦးနဲ့ ယောက်ျား ၁၅ ဦးကို ကျင်းတစ်ခုတည်းမှာ မြှုပ်ခဲ့တယ်လို့ ဆိုပါတယ်။
မွတ်ဆလင်တွေ နေထိုင်ခဲ့တဲ့ သင်းကနက်ကျေးရွာဆိုရင် တစ်ရွာလုံးကို မီးရှို့ပြီး မြေပုံပေါ်ကနေ ပယ်ဖျက်ခံရတဲ့အထိပါပဲ။ ကျန်ရှိနေသေးတဲ့ ရေကန်တစ်ချို့ကြောင့်သာ အဲဒီနေရာမှာ ရွာရှိခဲ့ကြောင်း သိနိုင်တာဖြစ်ပါတယ်။
“ကျွန်တော်တို့တွေ လူမရွေးပဲ မြင်သမျှလူတိုင်းကို ပစ်ကြပါတယ်” လို့ တပ်သားမျိုးဝင်းထွန်းက ဗီဒီယိုထဲမှာ ပြောကြားပါတယ်။ “အမျိုးသားတွေဆိုရင် နဖူးတည့်တည့် ချိန်ပစ်ပြီး ကျင်းထဲကို ကန်ချလိုက်တာပဲ” လို့ သူက ဆိုပါတယ်။ အမျိုးသမီးတစ်ယောက်ကိုလည်း သူဟာ မုဒိမ်းကျင့်ခဲ့တယ်လို့ ဆိုပါတယ်။
တပ်သားဇော်နိုင်ထွန်းရဲ့ ဖြေကြားချက်ကလည်း သူနဲ့ သိပ်မကွာပါဘူး။ သူတို့တပ်ဟာ ရက်ပိုင်းအတွင်း မွတ်ဆလင် အယောက် ၈၀ ခန့် သတ်ခဲ့တယ်လို့ ဆိုပါတယ်။ မောင်တောမြို့နယ်တစ်ဝိုက်က ကျေးရွာပေါင်း ၂၀ ခန့်မှာ ဝင်ရောက်ဖျက်ဆီးခဲ့ကြတယ်လို့လည်း ပြောပါတယ်။ ဒီအထဲက ကျေးရွာတစ်ချို့မှာ အစအန မကျန်အောင် မီးရှို့ခံရပါတယ်။
ဘာရှီယာအာမက် ဆိုသူရဲ့ ပြောကြားချက်အရဆိုရင် သူတို့ရွာဖြစ်တဲ့ ဇင်ပိုင်ညာကို စစ်တပ်က ၂၀၁၇ သြဂုတ်လ ၂၆ ရက် အစောပိုင်းမှာ ဝင်လာတယ်လို့ ဆိုပါတယ်။
“သူတို့မျက်စိရှေ့မှာ မြင်သမျှကို အကုန်ပစ်တာပဲ” လို့ သူကပြောပါတယ်။ “အိမ်တွေကို မီးရှို့သွားတယ်၊ ဘာမှမကျန်ခဲ့ဘူး။ လို့ သူကဆိုပါတယ်။
စစ်တမ်းကောက်ယူမှုတွေအရ ဇင်ပိုင်ညာမှာ ရွာသား ၃၀ ကျော် အသတ်ခံရတယ်လို့ သိရပါတယ်။
အသက် ၃၀ အရွယ် တပ်သား ဇော်နိုင်ထွန်းရဲ့ ပြောကြားချက်အရဆိုရင် သူနဲ့ အပေါင်းအပါလေးဦးဟာ ဇင်ပိုင်ညာမှာ မွတ်ဆလင် ၇ ဦးကို ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့က နောက်ထပ် လူ ၁၀ ယောက်ကိုလည်း ကြိုးတုပ်ခေါ်လာပြီး ပစ်သတ်ခဲ့ကာ ကျေးရွာမြောက်ဘက်မှာ မြေမြှုပ်ခဲ့တယ်လို့ ဗီဒီယိုထဲမှာ ဖြေကြားထားပါတယ်။
ဗီဒီယိုဖိုင်မှာ ဖြေကြားချက်တစ်ချို့ဟာ ရွာသားတွေနဲ့မတူဘဲ ကွဲလွဲနေတာတွေလည်း ရှိနေပါတယ်။ ဥပမာဆိုရင် တပ်သားမျိုးဝင်းထွန်းရဲ့ ဖြေကြားချက်ထဲမှာ မျှော်စင်ဟာ ခမရ-၅၅၂ စခန်းရဲ့ ရှေ့မှာ ရှိတယ်ဆိုပေမယ့် တကယ်တော့ စခန်းရဲ့ အနောက်တောင်ဘက်မှာ ရှိတာပါ။
ဒါပေမဲ့ တစ်ခြား အသေးစိတ်အချက်အများစုကတော့ မျက်မြင်သက်သေတွေ၊ မသေဘဲကျန်ခဲ့သူတွေရဲ့ ပြောကြားချက်တွေနဲ့ ကိုက်ညီနေပါတယ်။ ငန်းချောင်းကျေးရွာမှာဆိုရင် တပ်မ ၃၅၃ က စစ်သား ၅ ယောက် ခြောက်ယောက်ခန့်ဟာ ၂၀၁၇ သြဂုတ်မှာ ရောက်လာပြီး အမျိုးသမီး ၅ ဦးကို ရွေးထုတ် မုဒိမ်းကျင့်ခဲ့တယ်လို့ ရွာခံတစ်ယောက်က ပြောပါတယ်။ နောက်ပိုင်းမှာ ဒီအမျိုးသမီးတွေရဲ့ ခင်ပွန်းတွေဟာ အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
တပ်သားဇော်နိုင်ထွန်းကတော့ သူဟာ တပ်မှာ ရာထူးအဆင့် အရမ်းနိမ့်တဲ့အတွက် မုဒိမ်းကျင့်ရာမှာ ပါဝင်ခွင့် မရဘူးလို့ ပြောပါတယ်။ ဒီအစား သူများတွေ မုဒိမ်းကျင့်နေတုန်း ကင်းစောင့်ပေးခဲ့ရတယ်လို့ သူကပြောပါတယ်။
မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲဖြစ်ပွားရာ နေရာတွေမှာ တပ်မတော်သားတွေ ထွက်ပြေးကြတာဟာ ပြဿနာကြီးတစ်ရပ် ဖြစ်နေတယ်လို့ တပ်မတော်ရဲ့ အတွင်းသတင်းတွေအရ သိရပါတယ်။ တပ်မ ၅၆၅ က ထွက်ပြေးသွားတဲ့ တပ်သားစုစုပေါင်း ၆၀ ခန့်ရှိမယ်လို့ ယူဆရပါတယ်။
အခုဝန်ခံလိုက်တဲ့ တပ်သားနှစ်ယောက်လုံးဟာ တပ်မတော်က ထွက်ပြေးလာသူတွေ ဖြစ်တယ်လို့ ဖြေဆိုထားကြပါတယ်။ သူတို့ဟာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်တော် (အေအေ) လက်ထဲကို ရောက်ရှိခဲ့ကြပြီး အဲဒီမှာ ဗီဒီယိုဖိုင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
အောင်မိုး
ရည်ညွှန်း - ‘Kill All You See’: In a First, Myanmar Soldiers Tell of Rohingya Slaughter by Hannah Beech, Saw Nang and Marlise Simons | THE NEW YORK TIMES
(မှတ်ချက် - မူရင်းဆောင်းပါးတွင် " ရိုဟင်ဂျာ " ဟု သုံးနှုန်းဖော်ပြထားပါသည်။)




