ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အဆိုပြုချက်တစ်ရပ် ဗုဒ္ဓဟူးနေ့ မဲခွဲနိုင်ခြေရှိ

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးရန် တိုက်တွန်းသည့် အဆိုပြုချက်တစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗုဒ္ဓဟူးနေ့၌ မဲခွဲဆုံးဖြတ်နိုင်ခြေ ရှိနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 20 Dec 2022

ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အဆိုပြုချက်တစ်ရပ် ဗုဒ္ဓဟူးနေ့ မဲခွဲနိုင်ခြေရှိ

ဓာတ်ပုံ - Getty Images

DMG | ဒီဇင်ဘာ ၂၀

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးရန် တိုက်တွန်းသည့် အဆိုပြုချက်တစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗုဒ္ဓဟူးနေ့၌ မဲခွဲဆုံးဖြတ်နိုင်ခြေ ရှိနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဤမူကြမ်းအား ဗြိတိန်က စက်တင်ဘာလတွင် စတင်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့သည့် ကနဦးမူကြမ်းတွင် မြန်မာကို လက်နက်ထောက်ပံ့မှုအားလုံး ရပ်ဆိုင်းရန် တိုက်တွန်းထားပြီး ကုလသမဂ္ဂက ဒဏ်ခတ်မှုများ ပြုလုပ်မည်ဟု ပြောကြားချက်များ ပါဝင်သော်လည်း နောက်ပိုင်းတွင် အဆိုပါစာသားများကို ဖယ်ရှားထားသည်ကို တွေ့ရသည်။

ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့သည့် မူကြမ်း၌ မြန်မာစစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အရေးပေါ် အခြေအနေများ၊ အဆိုပါအနေအထား၏ မြန်မာပြည်သူများအပေါ် ဆိုးရွားသော အကျိုးသက်ရောက်မှုများအပေါ် ကုလသမဂ္ဂက ‘အထူးစိုးရိမ်’ ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

အာဆီယံနှင့် သဘောတူခဲ့သည့် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရေးအတွက် ခိုင်မာသည့် လက်တွေ့လုပ်ဆောင်ချက်များ ဆောင်ရွက်ရန် မူကြမ်း၌ တိုက်တွန်းထားသည်။

အဆိုပြုချက်တစ်ရပ်အား လုံခြုံရေးကောင်စီတွင် အတည်ပြုရန်အတွက် ဆိုလျှင် ကောင်စီအဖွဲ့ဝင် အနည်းဆုံး ကိုးနိုင်ငံ၏ ထောက်ခံမဲလိုအပ်သလို ရုရှား၊ တရုတ်၊ အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန် နိုင်ငံတစ်ခုခုက ဗီတိုအာဏာ မသုံးရန်လည်း လိုအပ်သည်။

“ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်နေပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗာဆီလီနီဗန်ဇီယာက တနင်္လာနေ့တွင် ပြောကြားသည်။ ၎င်းတို့ လက်မခံနိုင်သည့် အချက်တစ်စုံတစ်ရာ ပါရှိသဖြင့် မြန်မာအာဏာပိုင်များဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့လျှင် မြန်မာနိုင်ငံ၏ လုပ်ငန်းစဉ်များကို ထိခိုက်နိုင်ဖွယ် ရှိသည်ကို မိမိတို့ စိုးရိမ်သည်ဟု သံအမတ်ကြီးက ဆိုသည်။

အဖွဲ့ဝင် ၁၅ နိုင်ငံ ရှိသည့် ကုလလုံခြုံရေးကောင်စီသည် မြန်မာ့အရေးတွင် သဘောထား ကွဲလွဲလျက်ရှိပြီး ယခုမူကြမ်းကိုလည်း တရုတ်နှင့် ရုရှားတို့က ဗီတိုအာဏာဖြင့် ပယ်ဖျက်ကာ မြန်မာစစ်အုပ်စုကို အကာအကွယ် ပေးနိုင်ခြေ ရှိကြောင်း ကုလသံတမန်များက ဆိုသည်။

ဗီဒီယိုများ