- ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
- အပူချိန်မြင့်တက်လာမှုကြောင့် ကျန်းမာရေး ဂရုစိုက်ရန် လိုအပ်လာ
- နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် မြန်မြန်ဆန်ဆန် ညှိနှိုင်းရန် ဗီယက်နမ်နှင့် ရုရှား သဘောတူ
- ကုလစာနာမှုစင်္ကြံ လက်တွေ့အလားအလာ
- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
ကုလစာနာမှုစင်္ကြံ လက်တွေ့အလားအလာ
ရခိုင်ပြည်တွင် အငတ်ဘေးကြီး ကြုံရမည်ကို စိုးရွံ့စိတ်က ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအား ကုလသမဂ္ဂ၏ စာနာမှုစင်္ကြံ ထားရှိမည့် အစီအစဉ်ကို "မူအားဖြင့်" ထောက်ခံလိုက်စေသည်။
12 May 2025

ရခိုင်ပြည်တွင် အငတ်ဘေးကြီး ကြုံရမည်ကို စိုးရွံ့စိတ်က ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအား ကုလသမဂ္ဂ၏ စာနာမှုစင်္ကြံ ထားရှိမည့် အစီအစဉ်ကို "မူအားဖြင့်" ထောက်ခံလိုက်စေသည်။
ကုလအစီအစဉ်အတွက် ဖြစ်နိုင်ဖွယ်ရာ အခြေအနေများကို ပြောဆိုမှုများ ရှိသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဤစင်္ကြံအား မည်သည့်နေရာတွင် မည်သို့ ထားရှိမည်ကို ရှင်းရှင်းလင်းလင်း မပြောသေးပေ။
BNP အပါအဝင် နိုင်ငံရေးပါတီ အချို့၏ အတိအလင်း ကန့်ကွက်မှုကို ရင်ဆိုင်လိုက်ရသည့် အစိုးရက ကုလသမဂ္ဂကသာ ဤအစီအစဉ်ကို အတည်ပြုသည် ဆိုလျှင် နောက်ဆုံးပိတ် ဆုံးဖြတ်ချိန်၌ "လူတိုင်းနှင့် ဆွေးနွေးတိုင်ပင်မည်" ဟု ပြောဆိုသည်။
အကူအညီပေးရေး လမ်းကြောင်းတွင် ဘင်္ဂလားဒေ့ရှ်က ပါဝင်ပတ်သက်မည့်အပေါ် ပညာရှင်များကလည်း အမြင်အမျိုးမျိုး ကွဲကြသည်။ အချို့ကလည်း နိုင်ငံ၏ "လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ" အပေါ် ခြိမ်းခြောက်မှုတစ်ရပ်ကို တံဆိပ်ကပ်ကြသည်။
ဤစင်္ကြံ ထားရှိမည့်အရေး၌ ဘင်္ဂလားဒေ့ရှ်ကိုယ်တိုင် ပါဝင်မည် ဆိုပါက အခြားအရာများ အားလုံးထက် အရေးအကြီးဆုံးမှာ မြန်မာအစိုးရ၏ သဘောတူညီမှု ဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။
လုံခြုံရေးလေ့လာသူ အငြိမ်းစားဗိုလ်ချုပ်ကြီး မူနာအူဇမန်ကလည်း ရခိုင်အတွက် ကုလကျောထောက်နောက်ခံဖြင့် စာနာမှုစင်္ကြံ ထားရှိမည်ဆိုလျှင် မြန်မာဘက်မှ သဘောတူလက်ခံရန် အရေးကြီးကြောင်း ထောက်ပြသည်။
"ကျွန်တော်တို့ သိသလောက်တော့ မြန်မာအစိုးရက သဘောတူထားတာ မရှိသေးပါဘူး" ဟု ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလေ့လာမှု ဘင်္ဂလားဒေ့ရှ် အင်စတီကျု (BIPSS) ဥက္ကဌဖြစ်သူ အူဇမန်က ပြောသည်။
ရခိုင်ဒေသ၌ မြန်မာစစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား ရှုပ်ထွေးနေသည့် အခြေအနေများကို သူကထောက်ပြသည်။ တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့ပါ မြန်မာ့အရေး၌ ဝင်ပါလာသည်ကို ထောက်ပြပြီး သူက အမျိုးသားလုံခြုံရေးကိစ္စရပ်၊ ထိလွယ်ရှလွယ် ဆုံးဖြတ်ချက်ဟု သူက ဆိုသည်။
မူနာအူဇမန်က ယခုလို ပြတ်ပြတ်သားသား ပြောသည်။
"တရားဝင်မဟုတ်ရင် မလုပ်သင့်ဘူး။"
သံအမတ်ကြီးဟောင်း ဟာမာယန်ကာဘီယာကလည်း သတိပြုရမည်ဟုပင် ဆိုသည်။ ဘင်္ဂလားဒေ့ရှ် အနေဖြင့် ဆက်လက်ဆောင်ရွက်မည်ဆိုလျှင် မြန်မာထံမှ ခွင့်ပြုချက်တမျိုးမျိုး လိုအပ်ဦးမည်ဟု သူကယူဆသည်။
"စာနာမှုစင်္ကြံကတစ်ဆင့် အကူအညီတွေ ပေးတာဟာ အပြန်အလှန် အကျိုးဖြစ်မယ်လို့ မြန်မာအစိုးရကို ပြောနိုင်ဖို့လိုမယ်။ အာရက္ခတပ်တော်ကလည်း နှစ်နိုင်ငံကြားမှာ အနေအထားသစ် တစ်ခုဖြစ်နေတယ်။ အာရက္ခတပ်တော်နဲ့ မြန်မာအစိုးရ သဘောတူမှ စင်္ကြံတည်ဆောက်နိုင်မယ်။ ကိုယ်တစ်ယောက်တည်း ဆုံးဖြတ်လို့ ရတဲ့ကိစ္စမဟုတ်ဘူး" ဟု သူကပြောသည်။
ဘင်္ဂလားဒေ့ရှ်၏ အရှေ့ဘက်အိမ်နီးချင်း မြန်မာသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်တည်းက ပြည်တွင်းစစ် အကြီးအကျယ် ဖြစ်ပွားလျက်ရှိသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အာရက္ခတပ်တော်သည် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် ရခိုင်ဒေသတစ်ကြောလုံးကို သိမ်းပိုက်လိုက်သည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က အစီရင်ခံစာ ထုတ်ပြန်ရာ၌ ၂၀၂၅ ခုနှစ်တွင် ရခိုင်ဒေသ၌ စုစုပေါင်း စားနပ်ရိက္ခာ လိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်မည် ဖြစ်သဖြင့် အငတ်ဘေးကြီး ကြုံရဖွယ်ရှိသည်ဟု ခန့်မှန်းဖော်ပြထားသည်။ ကုန်သွယ်ရေး လုံးလုံး ရပ်ဆိုင်းသွားသည့်အတွက် ငတ်မွတ်မှုဒဏ် ရင်ဆိုင်ရမည့် ပမာဏသည် ၂ သန်းခန့်ရှိသည်ဟု UNDP က ခန့်မှန်းသည်။
အာရက္ခတပ်တော်သည် ရခိုင်ကို သိမ်းပိုက်ထားသည် ဆိုသော်လည်း ရခိုင်ပြည်သို့ တစ်ခုတည်းသော ပင်လယ်ဝင်ပေါက်ကို မြန်မာစစ်ကောင်စီက စိုးမိုးထားသည့်အတွက် ရခိုင်ပြည်သည် ကုန်စည်စီးဆင်းမှု ရပ်တန့်နေသည်ဟု UNDP က ပြောသည်။
၂၀၂၅ ခုနှစ် ဧပြီလတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတားရက် ဘင်္ဂလားဒေ့ရှ်သို့ အလည်အပတ် ရောက်ရှိခဲ့သည်။
ဂူတားရက်ခရီးစဉ်အပြီး၌ ယာယီအစိုးရအဖွဲ့ ခေါင်းဆောင် မိုဟာမက်ယူနွတ်၏ အဆင့်မြင့်ကိုယ်စားလှယ် ဒေါက်တာ ခါလီလာရာမန်က "စာနာမှုအကူအညီ ထောက်ပံ့ရေးလမ်းကြောင်း" အယူအဆကို စတင်ပြောကြားလာခြင်း ဖြစ်သည်။
ခါလီလာ၏ ပြောဆိုချက် ထွက်ပေါ်အပြီး သုံးပတ်နီးပါး အကြာ၌ နိုင်ငံခြားရေး အကြံပေး တိုဟစ်ဟူစိန်က "စာနာမှုစင်္ကြံ" ဖွင့်လှစ်ရန် ဘင်္ဂလားဒေ့ရှ်က မူအားဖြင့် လက်ခံသည်ဟု ပြောသည်။
"ဒါပေမဲ့ ခြွင်းချက်တွေတော့ ရှိပါတယ်။ အသေးစိတ်တော့ မပြောတော့ပါဘူး။ ဒီခြွင်းချက်တွေ အဆင်ပြေတယ် ဆိုရင် ကုလသမဂ္ဂရဲ့ လမ်းညွှန်ချက်တွေအောက်မှာ သေချာပေါက် ပူးပေါင်းဆောင်ရွက်မှာပါ" ဟု သူက ပြောဆိုသည်။
သူ၏ ပြောကြားချက် နောက်ပိုင်း၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး ပါတီများဘက်က စောဒကတက် ကန့်ကွက်မှုများ ပလုံစီ ပေါ်ထွက်လာခဲ့သည်။
BNP ပါတီ၏ အတွင်းရေးမှူး ဗိုလ်ကြီး မီဇရာဖာခရူ အစ္စလာမ်အာလမ်ဂျီယာကဆိုလျှင် ဤဆုံးဖြတ်ချက်သည် နိုင်ငံ၏ "လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ" ကို အန္တရာယ်ကျစေမည်ဟု ဆိုသည်။
ပါတီ၏ လက်ရှိဥက္ကဌ တာရစ်ရာမန်ကလည်း ဤဆုံးဖြတ်ချက်မျိုးသည် ပြည်သူလူထုနှင့် လူထုက ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော်မှတစ်ဆင့်သာ ထွက်ပေါ်လာရမည်ဟု ပြောသည်။
ပါတီများဘက်မှ ယခုလို ကန့်ကွက်မှုများ ထွက်လာခဲ့ပြီးနောက်တွင် ဒေါက်တာယူနွတ်၏ ပြန်ကြားရေး အတွင်းဝန် ရှာဖစ်ကာအာလမ်က အစိုးရသည် ဤကိစ္စအတွက် ဆုံးဖြတ်ချက် မချရသေးကြောင်း ရေးသားပြောဆိုခဲ့သည်။
ရခိုင်အတွက် စာနာမှုစင်္ကြံ ထားရှိမည်ဆိုလျှင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအစိုးရတို့ထံမှ ခွင့်ပြုချက်များ လိုအပ်လိမ့်မည်ဟု ဒါကာရှိ ကုလသမဂ္ဂရုံးက ထုတ်ပြန်ခဲ့သည်။
ရှာဖစ်ကာအာလမ်ကလည်း ကုလသမဂ္ဂ၏ အစီအစဉ်ကို သဘောတူပြီး ဤစီမံချက်အတွက် နှစ်နိုင်ငံလုံးနှင့် ပြောဆိုရန် လိုအပ်မည်ဟု ပြောကြားသည်။
"ကုလရဲ့ အလုပ်တွေ စတင်လာရင် သက်ဆိုင်ရာ နှစ်ဘက်လုံးနဲ့ ပြောဖို့ လိုပါမယ်။ မြန်မာအစိုးရနဲ့ ကျွန်တော်တို့ ဆွေးနွေးပြောဆိုမှသာ ဆုံးဖြတ်ချက် ရနိုင်မှာပါ" ဟု ပြောဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုချက်များ
စာနာမှုစင်္ကြံ အစီအစဉ်အတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ကြိုတင် သတ်မှတ်ချက်များ အများအပြား ချမှတ်ထားသည်။ ဤသည်တို့အနက် ရခိုင်ဘက်မှ ဆီလျော်သင့်တင့်မည့် အခြေအနေတစ်ရပ် ဖန်တီးပေးရန်၊ ခွဲခြားဆက်ဆံမှုများ မရှိရန်၊ အကူအညီများ ဖြန့်ဝေရာတွင် ကန့်သတ်ချက်များ မထားရှိရန်တို့ ပါဝင်သည်။
အကူအညီများ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေး အတွက် ရခိုင်ဘက်မှ အာမခံချက် မရပါက အစီအစဉ်များ နှောင့်နှေးနိုင်သည်ဟုလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူများက ပြောထားသည်။
ဤသည်ကို ကြည့်ရလျှင် ဘင်္ဂလားဒေ့ရှ်ဘက်မှ အကူအညီများ ပေးပို့ရန်မှာ အပစ်အခတ်ရပ်စဲမှု တစ်ရပ် သို့မဟုတ် လုပ်ငန်းလည်ပတ်မှု ပုံစံတစ်ရပ်ရပ် ရှိထားမှသာ ကုလ၏ အကူအညီပေးမှုများ အခက်အခဲမရှိ ဆောင်ရွက်နိုင်မည့် သဘောရှိသည်။

စာနာမှုစင်္ကြံက အန္တရာယ်ရှိနိုင်သလား
စာနာမှုစင်္ကြံတစ်ခုသည် မည်သည့်အချက်များကို လိုက်နာရမည်ဟူ၍ နိုင်ငံတကာ ဥပဒေများက သတ်မှတ်ထားခြင်းမျိုးတော့ မရှိပေ။ သို့သော်လည်း ဤစင်္ကြံမှတစ်ဆင့် အရပ်သား ပြည်သူလူထုကို အကူအညီများ စဉ်ဆက်မပြတ် ပေးအပ်နိုင်ရန်အတွက် ဆိုလျှင် သက်ဆိုင်ရာ အင်အားစုများ အားလုံး၏ သဘောတူ လက်ခံမှုရမှ ဖြစ်နိုင်ခြေရှိသည်။
စာနာမှုစင်္ကြံအတွက် မြန်မာကသာ ခွင့်ပြုချက်မပေးလျှင် မြန်မာပိုင်နက်အတွင်းသို့ မည်သည့်ပုံစံဖြင့် ဝင်ရောက်ခြင်းမျိုးမဆိုသည် နိုင်ငံတကာ ဥပဒေအရ တရားမဝင် ဖြစ်နိုင်ကြောင်း လုံခြုံရေးလေ့လာသူ အငြိမ်းစားဗိုလ်မှူးကြီး မူနာအူဇမန်က ပြောသည်။
ထို့အပြင် ဤစင်္ကြံကို မည်သို့ နေရာချထားမည်၊ မည်သူ ဦးဆောင်မည်၊ လုံခြုံရေးအတွက် မည်သူက အာမခံချက် ပေးမည် ဆိုသည်ကိုလည်း တစ်ခုမျှမသိရဟု သူကပြောသည်။ ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ဝင်များသာ စင်္ကြံလုံခြုံရေးအတွက် တာဝန်ယူရပါက ကြီးမားသည့် အန္တရာယ်များ ရင်ဆိုင်ရနိုင်ခြေ ရှိသည်ဟုလည်း သူက သတိပေးသည်။
ဘင်္ဂလားဒေ့ရှ်အနေဖြင့်လည်း ပါဝါကြီးများ၏ အကျိုးစီးပွားများကြားသို့ ဆွဲသွင်းခံရပြီး လက်ဝေခံစစ်ပွဲတွင် ဝင်ပါမိလျက်သား ဖြစ်သွားနိုင်သဖြင့် နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားနှင့် ဆန့်ကျင်နေသည်ဟု သူကထောက်ပြသည်။
ယခုကဲ့သို့ စာနာမှုစင်္ကြံမျိုးအတွက် မြေပြင်လုံခြုံရေးသာမက ဝေဟင်အကာအကွယ်ပါ လိုအပ်မည်ဖြစ်ရာ အကြီးအကျယ် ရှုပ်ထွေးပြီး ကုန်ကျစရိတ်လည်း များပြားနိုင်သည်။
"မြန်မာဟာ နိုင်ငံတကာ အသိအမှတ်ပြုနိုင်ငံပါ။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုနဲ့ သဘောတူညီချက်အပေါ် လုံးလုံးမှီခိုပြီး နယ်စပ်ဖြတ်ကျော်တာမျိုးက တရားဝင်မှာ မဟုတ်ဘူး" ဟုလည်း မူနာအူဇမန်က ထောက်ပြသည်။
အာရက္ခတပ်တော်နှင့် ဆက်ဆံရာတွင်လည်း အစိုးရအဆင့်ဖြင့် တိုက်ရိုက်မသွားဘဲ နယ်ခြားစောင့်တပ်ကဲ့သို့ အဖွဲ့အစည်းများမှ တစ်ဆင့်သာ ဆက်ဆံသင့်သည်ဟု သူက ယူဆသည်။
အခြားတစ်ဘက်၌လည်း မြန်မာအစိုးရ ကိုယ်တိုင်က သူ၏ ပိုင်နက်နယ်မြေကို ထိပါးသည်ဟု ယူဆနိုင်သည့် ဤအစီအစဉ်ကို ခွင့်ပြုမည် မဟုတ်ဟု ယူဆကြသည်များရှိသည်။
"မြန်မာအစိုးရဟာ အာရက္ခတပ်တော်ကို အကြမ်းဖက် အဖွဲ့အစည်းလို့ ရှုမြင်တယ်။ ဒါကြောင့် စာနာမှု အကူအညီပေးရေး ကြိုးပမ်းချက်တွေ ရှုပ်ထွေးမှုရှိနိုင်တယ်" ဟု သံအမတ်ကြီးဟောင်း ဟူမာယန်းကာဘီယာက ပြောသည်။
သံတမန်ရှုထောင့်မှ ကြည့်လျှင် စာနာမှုစင်္ကြံဆိုသည်မှာ ဖြစ်နိုင်ခြေ အဖြေတစ်ရပ်ဟု ဆိုသော်လည်း နိုင်ငံရေးဘက်မှ ကြည့်လျှင် ကြေကြေလည်လည်း ဖြေရှင်းနိုင်ခြင်း မရှိသည့်အတွက် ယခုအထိ စိန်ခေါ်မှုများ ရှိနေရခြင်းဟု သူကဆိုသည်။
"ပြည်တွင်းနိုင်ငံရေး ပါတီတွေက မထောက်ခံရင် ဘယ်လိုလုပ် ရှေ့ဆက်လို့ ရတော့မှာလဲ" ဟု သူကမေးခွန်းထုတ်သည်။ လက်ရှိ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ၏ လုပ်ဆောင်နိုင်စွမ်းကိုလည်း သူက သံသယရှိသည်။
"ဒါမျိုးကို စီမံခန့်ခွဲဖို့ ကျွန်တော်တို့မှာ စွမ်းရည်ရှိသလား။ အတွေ့အကြုံရှိသလား၊ နိုင်ငံရေးအင်အား ရှိသလား" ဟု သူက မေးခွန်းထုတ်သည်။
"ဒီကိစ္စတွေကို အဆင့်ဆင့်မှာ ဆွေးနွေးနေကြပြီဆိုတော့ ဆက်လုပ်၊မလုပ် အဖြေတစ်ခု ထုတ်ရတော့မှာပါ" ဟု သူက မှတ်ချက်ပြုသည်။
ရာဗီချန်ဒရာကူးမား
Debate rages on over UN humanitarian corridor to Rakhine. What is the reality? By Masum Billah ကို ကောက်နုတ်ဘာသာပြန်သည်။