တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ တက္ကနာကုန်ဆိပ်မှတစ်ဆင့် ကုန်စည် ပို့ဆောင်မှုများ ရပ်တန့်နေသည့်အတွက် ဆိပ်ကမ်းဧရိယာရှိ သိုလှောင်ကုန်များ ပျက်စီးမှုနှင့် ကြုံနေရကြောင်း BDNews သတင်းဆောင်းပါးတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 15 Jul 2025

ဓာတ်ပုံများ - BDNews24
ဓာတ်ပုံများ - BDNews24

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ တက္ကနာကုန်ဆိပ်မှတစ်ဆင့် ကုန်စည် ပို့ဆောင်မှုများ ရပ်တန့်နေသည့်အတွက် ဆိပ်ကမ်းဧရိယာရှိ သိုလှောင်ကုန်များ ပျက်စီးမှုနှင့် ကြုံနေရကြောင်း BDNews သတင်းဆောင်းပါးတစ်ရပ်တွင် ဖော်ပြထားသည်။

ရာပေါင်းများစွာရှိသည့် ထရပ်ကားများအတွင်း အပြည့်တင်ထားသည့် ကုန်ပစ္စည်းများလည်း ပျက်စီးယိုယွင်းလာသည့်အတွက် ကုန်သည်များ အခက်ကြုံနေရသည်ဟု သတင်းတွင် ဖော်ပြသည်။

ရခိုင်ပြည် မောင်တောဘက်မှ နောက်ဆုံး ရောက်ရှိလာသည့် ကုန်ဘုတ်မှာ ဧပြီလ ၁၂ ရက်နေ့က ဖြစ်သည်။ ၎င်းနောက်ပိုင်းမှစ၍ တက္ကနာနှင့် မောင်တောအကြား ကုန်စည်ပို့ဆောင်ရေးမှာ လုံးလုံး ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။

ကုန်သွယ်ရေး ဘယ်အချိန် ပြန်စမည်ကို ခန့်မှန်း၍ မရသလို တက္ကနာ ဆိပ်ကမ်းရှိ နေ့စားအလုပ်သမားများ၊ ထရပ်ကားမောင်းသူများ၊ သင်္ဘောသားများသည်လည်း မရေရာသည့် အနေအထားနှင့် ရင်ဆိုင်နေရသည်။

တက္ကနာရှိ စီးပွားရေး လုပ်ငန်းများကို လက်စသတ်ပြီး စစ်တကောင်း ဆိပ်ကမ်းဘက်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြသည့် စီးပွားရေးလုပ်ငန်းလည်း အများအပြား ရှိနေသည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။

"ဆိပ်ကမ်းရပ်တန့်ထားတာ သုံးလရှိပြီဆိုပေမယ့် သွင်းကုန်တွေကတော့ ထိခိုက်မှု မရှိပါဘူး။ ဒါပေမဲ့ မြန်မာဘက်ကို ပို့ဖို့ သိုလှောင်ထားတဲ့ ကုန်ပစ္စည်းတွေကတော့ ပျက်စီးဆုံးရှုံးမှုတွေ ရှိပါတယ်။ ဒီအထဲမှာ ဘိလပ်မြေအိတ် ၂၂,၈၅၀၊ အာလူးအိတ် ၂,၇၀၀၊ အချိုရည်အိတ် ၁,၀၉၀ လည်း ပါဝင်ပါတယ်" ဟု United Land Port ကုပမ္ပဏီ၏ တက္ကနာဆိပ်ကမ်း အထွေထွေမန်နေဂျာ ဂျာဆင်းအူဒင် ချောင်ဒရီက ပြောသည်။

ကုန်စည်းအများစုမှာ မိုးရေစိုပြီး ပျက်စီးခြင်းမျိုးရှိသလို နေပူလောင်၍ ပျက်စီးခြင်းများလည်း ရှိသည်ဟု သူကပြောသည်။ ပျက်စီးမှုတန်ဖိုးသည် တာကာငွေ သန်းပေါင်းများစွာရှိသည်ဟုလည်း မန်နေဂျာ ချောင်ဒရီက ပြောသည်။

နောက်ထပ် ဘိလပ်မြေအိတ် ထောင်ပေါင်းများစွာမှာလည်း သုံးမရတော့မည့် အခြေအနေသို့ ရောက်လုနီးပါး ဖြစ်နေပြီဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။

တချိန်က ကုန်အိတ်များ၊ ထရပ်ကားတန်းရှည်ကြီးများ၊ အလုပ်သမားများဖြင့် စည်ကားခဲ့သည့် တက္ကနာကုန်ဆိပ်သည် ယခုအခါ လူမရှိသူမရှိ တိတ်ဆိတ်နေသည်ဟု သတင်းတွင်ဖော်ပြသည်။

ကုန်သည် ရာပေါင်းများစွာသည် ငွေကြေးအရှုံးများ ရင်ဆိုင်နေရပြီး နယ်စပ်ကုန်သွယ်ရေး အဘယ်ကြောင့် ယခုကဲ့သို့ ရပ်ဆိုင်းထားသည်ကိုလည်း မသိရပေ။

ကုန်ပစ္စည်းများ တင်ပို့ရာတွင်လည်း အာရက္ခတပ်တော်ဘက်က ခွင့်ပြုချက်မပေးသဖြင့် ပို့မရဖြစ်နေသည်ဟု Express Agency သွင်းကုန် ကုမ္ပဏီ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ မိုဟာမက်အူလာက ပြောသည်။ "တက္ကနာဆိပ်ကနေ မြန်မာဘက်ကိုလည်း ဘယ်ကုန်ပစ္စည်းမှ ခွင့်မပြုဘူး" ဟု သူကပြောသည်။

ပျက်စီးသွားသည့် ကုန်ပစ္စည်းများ၏ တန်ဖိုးသည် တာကာငွေ သန်း ၅၀ ခန့်ရှိသည်ဟုလည်း မိုဟာမက်အူလာ၏ ပြောကြားချက်အရ သိရသည်။

တက္ကနာဆိပ်ကမ်း၏ ကုန်သွယ်ရေးသည် ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်တွင် တာကာငွေ ၆.၄ ဘီလျံအထိ တန်ဖိုးရှိခဲ့ပြီး ၂၀၂၃-၂၄ တွင် ၄.၀၄ ဘီလျံ၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ၁.၁ ဘီလျံ အသီးသီးရှိခဲ့သည်။