ဖိလစ်ပိုင်တက္ကသိုလ်ပစ်ခတ်မှု ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရှိ တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမတစ်ခုတွင် တနင်္ဂနွေနေ့က ပစ်ခတ်မှုကြောင့် မငြိမ်မသက်ဖြစ်နေသောနိုင်ငံတောင်ပိုင်းမှ မြို့တော်ဝန်ဟောင်းတစ်ဦး အပါအဝင် လူ ၃ ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

27 Jul 2022

၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ ပစ်ခတ်မှုတစ်ခုတွင် လူ ၃ ဦးသေဆုံးပြီးနောက် ခယ်ဇွန်မြို့ရှိ အန်ထေနီယိုဒေ မနီလာ တက္ကသိုလ်အား ရဲများက စောင့်ကြပ်နေကြသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - AP)

DMG ၊ ဇူလိုင် ၂၇

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရှိ တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမတစ်ခုတွင် တနင်္ဂနွေနေ့က ပစ်ခတ်မှုကြောင့် မငြိမ်မသက်ဖြစ်နေသောနိုင်ငံတောင်ပိုင်းမှ မြို့တော်ဝန်ဟောင်းတစ်ဦး အပါအဝင် လူ ၃ ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ဒေသခံ ခယ်ဇွန်မြို့ရဲချုပ် ရီးမတ်စ်မဒီနာက ပစ်ခတ်မှုသည် တောင်ပိုင်း လာမီတန်မြို့၏ မြို့တော်ဝန်ဟောင်း ရို့စ်ဖူရီဂေးကို ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပုံရသည်ဟု ပြောကြားသည်။

သံသယရှိသူသည် တက္ကသိုလ်လုံခြုံရေး တာဝန်ကျသူတစ်ဦး၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့ပြီး ကားဖြင့်ထွက်ပြေးစဉ် လိုက်လံဖမ်းဆီးခံခဲ့ရသည်။ လက်ရှိတွင် သူ့ကိုထိန်းသိမ်းထားပြီး  စစ်ဆေးမေးမြန်းနေသည်ဟု ရဲချုပ်ရီးမတ်စ်မဒီနာက သတင်းထောက်များအားပြောကြားသည်။

“သူက ကြိုတင်စီစဉ်လာတဲ့ လုပ်ကြံသူ ဖြစ်ပုံရတယ်” ဟု ထိုသူအား ပစ္စတို ၂ လက်နှင့်အတူဖမ်းဆီးရမိခဲ့သည်ကို ဖြည့်စွက်ပြောကြားရင်း ရဲချုပ်ရီးမတ်စ်မဒီနာက ပြောကြားသည်။

ခယ်ဇွန်မြို့သည် မနီလာမြို့တော်ဒေသ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မြို့ကြီး ၁၆ မြို့ ထဲမှ လူဦးရေ ၁၃ သန်းကျော်နေထိုင်သည့် မြို့ပြဒေသတစ်ခုဖြစ်သည်။

မြို့တော်ဝန်ဟောင်းအပြင် နောက်ထပ် သေဆုံးသူနှစ်ဦးမှာ တက္ကသိုလ်နယ်မြေတစ်ခု၏ လုံခြုံရေးအရာရှိနှင့် မြို့တော်ဝန်ဖူရီဂေး၏ အမှုဆောင်လက်ထောက်တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ဘွဲ့နှင်းသဘင်နှင့် ပတ်သက်ခြင်းမရှိသော သံသယရှိသူသည် ဓားပြမှုနှင့် ပြန်ပေးဆွဲမှုများကြောင့် လူသိများသော အစွန်းရောက်အဖွဲ့ အဘူဆေယက်ဖ်၏ အမာခံနယ်မြေဖြစ်သော ဘာဆီလန်ပြည်နယ်အတွင်းရှိ လမီတန်မြို့ဇာတိ ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် လက်နက်ပိုင်ဆိုင်သူများသည် လူမြင်ကွင်းတွင် သေနတ်ကိုင်ဆောင်မည် ဆိုလျှင် ခွင့်ပြုချက်ရရှိရန် လိုအပ်ပြီး သေနတ်ပစ်ခတ်မှုများသည် ကြိုကြားကြိုကြား ဖြစ်ပေါ်လျက်ရှိသည်။ ဖိလစ်ပိုင်ရှိ ပုဂ္ဂလိက လုံခြုံရေး အရာရှိများသည် ခြောက်လုံးပြူးပစ္စတိုသေနတ်များ သို့မဟုတ် ပြောင်းချောသေနတ်များ တစ်မျိုးမဟုတ်တစ်မျိုးကို ကိုင်ဆောင်ထားကြပြီး သေနတ်များကို ဈေးဝယ်စင်တာများ၊ ရုံးခန်းများ၊ ဘဏ်များ၊ စားသောက်ဆိုင်များနှင့် စာသင်ကျောင်းများတွင်ပင် တွေ့မြင်နေရလေ့ရှိသည်။

ဗီဒီယိုများ