မြေပုံမြို့နယ်တွင် တပ်မတော်က ရဟတ်ယာဉ်ဖြင့် (၂) ရက်ဆက်တိုက် လာရောက်ပစ်ခတ်ဟုဆို

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းရှိ ကျေးရွာများအနီးတွင် တပ်မတော်က ရဟတ်ယာဉ်နှစ်စီးဖြင့် နိုဝင်ဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက် လာရောက်ပစ်ခတ်မှုများရှိကြောင်း ဒေသခံကျေးရွာသားများက ပြောဆိုသည်။

By ဝင်းညွန့် 19 Nov 2019

ဝင်းညွန့် | DMG
နိုဝင်ဘာ ၁၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းရှိ ကျေးရွာများအနီးတွင် တပ်မတော်က ရဟတ်ယာဉ်နှစ်စီးဖြင့် နိုဝင်ဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက် လာရောက်ပစ်ခတ်မှုများရှိကြောင်း ဒေသခံကျေးရွာသားများက ပြောဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်က မြေပုံမြို့နယ် ယောချောင်းကျေးရွာအနီးတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး တပ်မတော်က ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ယောချောင်းကျေးရွာသားတစ်ဦးက ပြောသည်။

“မနေ့က ၅ နာရီလောက်မှာ စစ်တပ်က ရဟတ်ယာဉ်နှစ်စီးနဲ့လာပစ်တယ်။ ၁၅ မိနှစ်လောက်ပစ်သွားတယ်။ ကျနော်တို့ရွာနားက ရွာတွေကိုပစ်သွားတယ်။ ရွာထဲမှာကျတာတော့မရှိဘူး” ဟု ၎င်းကဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းကလည်း မြေပုံမြို့နယ် ယောချောင်းကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ကာ တပ်မတော်က ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

“ဒီနေ့ နံနက် ၇ နာရီလောက်က ယောချောင်းရွာနားမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ တပ်မတော် ရဟတ်ယာဉ်နှစ်စီးနဲ့လာပစ်တယ်။ အခုတော့ ဟင်းခရွာအနားမှာပစ်နေတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံက ပြောသည်။

မြေပုံမြို့နယ် ယိုးဆနွင်းကျေးရွာအရှေ့ဘက်တောင်တန်းများကို နိုဝင်ဘာလ ၉ ရက်နေ့တွင် တပ်မတော်က ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ယိုးဆနွင်းကျေးရွာသားများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများတွင် လိုအပ်ပါက ရဟတ်ယာဉ်သုံးတိုက်ခိုက်သွားမည်ဖြစ်ကြောင်း တပ်မတော်ဘက်က မီဒီယာများကို ပြောဆိုထားသည်။

တပ်မတော်နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများကြောင့် လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ ၆ သောင်းကျော်အထိရှိလာကြောင်း အရပ်ဖက်အဖွဲ့အစည်းများ၏ စာရင်း အရသိရသည်။

လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကာ အရပ်သားပြည်သူများမှာလည်း တစ်နေ့ထက်တစ်နေ့ နေရပ်စွန့်ခွာထွက်ပြေးမှု ပိုမိုများပြားလာနေသည်။

ဗီဒီယိုများ