စစ်ကောင်စီလက်ချက်ကြောင့် အမ်းနှင့် မြေပုံတွင် အရပ်သားနှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ 

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်တွင် အရပ်သားနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 20 Apr 2024

ဓာတ်ပုံ - CINCDS
ဓာတ်ပုံ - CINCDS

DMG ၊ ဧပြီ ၂၀

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်တွင် အရပ်သားနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

မြေပုံမြို့နယ်၊ စညှင်းကျေးရွာမှ မမေသန္တာခိုင် (၂၅ နှစ်)မှာ ယနေ့ နံနက် ၁၁ နာရီခန့်က မြေပုံမြို့အရှေ့ဘက် နောင်တော်မြစ်ကြောင်းရှိ စစ်ကောင်စီနေဗီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်၍ သေဆုံးသွားခဲ့သည်။ 

“လက်နက်ကြီးကျည်က သူ့အနားမှာလာကျပြီး ပေါက်ကွဲတာမှာ ရင်ဘတ်ကျည်စထိပြီး ပွဲချင်းသေဆုံးသွားတာ” ဟု စညှင်းကျေးရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကြီးကြောင့် အသက်သေဆုံးမှုထိ ရှိလာ၍ စညှင်းအပါအဝင် အနီးဝန်းကျင်မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။ 

ဧပြီလ ၁၉ ရက်ကလည်း အမ်းမြို့နယ်အခြေစိုက် ခမရ (၃၇၂) တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကြက်ရေစမ်း(ချင်း)ကျေးရွာမှ ဦးဦးချောင်း(၇၀ နှစ်)သေဆုံးပြီး၊ ဒေါ်ပယုံ (၃၅ နှစ်) ဒဏ်ရာရရှိသွားခဲ့သည်။ 

“သူတို့နှစ်ယောက်က လက်နက်ကြီးပစ်သံကြားလို့ ဗုံးခိုကျင်းထဲဝင်နေကြတာ။ အဲဒါမှာ လက်နက်ကြီးက အနားမှာ လာကျတော့ တစ်ယောက်သေတယ်၊ တစ်ယောက်ဒဏ်ရာရတယ်” ဟု  အမ်းဒေသခံတစ်ဦးက ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)ရှိရာ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေးအတွက် အာရက္ခတပ်တော်(AA)က အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်နေ၍ နေ့စဉ်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။ 

စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းများဖြင့် စစ်ပွဲနှင့်မသက်ဆိုင်သော အရပ်သားနေထိုင်ရာ မြို့/ရွာများကို ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိသူ အများအပြားရှိနေသည်။ အမ်းတွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် မတ်လ ၂၄ ရက်မှ ဧပြီ ၂၀ ရက်အထိ စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ ၂၅ ဦးထက်မနည်း ရှိသည်။ 

ဗီဒီယိုများ