ARSA အဖွဲ့ဝင် ၅ ဦးကို လက်နက်များနှင့်အတူဖမ်းမိကြောင်း တပ်မတော်ထုတ်ပြန်

ရခိုင်ပြည်နယ် ၊ မောင်တောဒေသအတွင်း ARSA အကြမ်းဖက်အဖွဲ့ဝင် ၅ ဦးကို လက်နက်၊ ခဲယမ်း၊ မိုင်းများနှင့်အတူ နိုဝင်ဘာ ၂၁ ရက်နေ့ကဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

By ဝင်းညွန့် 22 Nov 2019

(ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ဝင်းညွန့် | DMG
နိုဝင်ဘာ ၂၂ ၊ စစ်တွေ

ရခိုင်ပြည်နယ် ၊ မောင်တောဒေသအတွင်း ARSA အကြမ်းဖက်အဖွဲ့ဝင် ၅ ဦးကို လက်နက်၊ ခဲယမ်း၊ မိုင်းများနှင့်အတူ နိုဝင်ဘာ ၂၁ ရက်နေ့ကဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ကျေးရွာများ၌ ARSA အဖွဲ့က ဝင်ရောက်လှုပ်ရှားမှုများရှိကြောင်း သတင်းရသဖြင့် တပ်မတော်မှလုံခြုံရေးဆောင်ရွက်နေစဉ် ခမောင်းဆိပ်ကျေးရွာအနောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာတွင် ARSA အဖွဲ့ဝင် ၈ ဦးခန့်နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ARSA အဖွဲ့ဝင် ၂ ဦးကိုအသေဖမ်းမိကာ ၃ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

“ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား အလောင်း ၂ လောင်း၊ အရှင် ၃ ဦးတို့ကို လက်နက်/ခဲယမ်း၊ လက်လုပ်မိုင်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့တယ်” ဟု တပ်မတော်က ထုတ်ပြန်သည်။
ဖမ်းဆီးရမိခဲ့သည့် ARSA အဖွဲ့ဝင်များနှင့် လက်နက်/ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများကို အောင်ဇူနယ်မြေရဲစခန်းသို့ အပ်နှံခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ARSA အဖွဲ့မှ လှုပ်ရှားမှုမရှိစေရေးအတွက် တပ်မတော်စစ်ကြောင်းများအနေဖြင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်းလည်း တပ်မတော်က ထုတ်ပြန်ထားသည်။

ARSA အကြမ်းဖက်အဖွဲ့သည် ၂၀၁၆ ခုနှစ်တွင် မောင်တောမြို့နယ်အတွင်းက လုံခြုံရေးစခန်း ၃ ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထို့နောက် ၂၀၁၇ ခုနှစ်တွင် ဘူးသီးတောင်၊ မောင်တောဒေသရှိ လုံခြုံရေးတပ်စခန်း ၃၀ ကျော်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကာ ဟိန္ဒူဘာသာဝင်များအပါအဝင် အရပ်သားပြည်သူများကိုလည်း သတ်ဖြတ်ခဲ့သည်။

ဗီဒီယိုများ