မောင်တောတွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ဖမ်းဆီးခံရ

မောင်တောမြို့နယ်မြောက်ပိုင်း ကြက်ရိုးပြင်(မွတ်ဆလင်)ကျေးရွာမှ အုပ်ချုပ်ရေးမှူးကို ARSA တပ်ဖွဲ့များနှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အောက်တိုဘာ ၁ ရက်နေ့က ဖမ်းဆီးသွားသည်။

By Admin 02 Oct 2023

ကြိမ်ချောင်းနယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ ၇) ကင်းတစ်ခုကို ၂၀၂၃ ဩဂုတ်လက တွေ့ရစဉ်။
ကြိမ်ချောင်းနယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ ၇) ကင်းတစ်ခုကို ၂၀၂၃ ဩဂုတ်လက တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂

မောင်တောမြို့နယ်မြောက်ပိုင်း ကြက်ရိုးပြင်(မွတ်ဆလင်)ကျေးရွာမှ အုပ်ချုပ်ရေးမှူးကို ARSA တပ်ဖွဲ့များနှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ အသက် ၄၂ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးအာရ်နုဝါဖြစ်ပြီး ငန်းချောင်းနယ်ခြားစောင့်ရဲကင်းစခန်းက ဖမ်းဆီးခဲ့ပြီး ကြိမ်ချောင်းနယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ ၇)သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

“သူ့ကို ပြောစရာကိစ္စရှိလို့ဆိုပြီး ဖုန်းနဲ့ စခန်းကို ခဏလာခဲ့ဖို့ လှမ်းခေါ်တာရှိတယ်။ စခန်းကိုရောက်သွားပြီး ၁၁ နာရီလောက်ကြာတဲ့အချိန်မှာ ကြိမ်ချောင်း (နခခ- ၇) ဘက်ကို သူတို့ရဲကားနဲ့ ခေါ်သွားတာကို တွေ့လိုက်ရတယ်” ဟု ဦးအာရ်နုဝါ၏ ဇနီးဖြစ်သူက ပြောသည်။

အဆိုပါအုပ်ချုပ်ရေးမှူးမှာ ကြိမ်ချောင်းမှတစ်ဆင့် စစ်ကောင်စီက ခေါ်ဆောင်သွားပြီး လက်ရှိတွင် မောင်တောမြို့ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးတွင် စစ်ဆေးနေကြောင်း သိရသည်။

“အဲဒီအုပ်ချုပ်ရေးမှူးကို ဖုန်းနဲ့တစ်ဆင့် ဆက်သွယ်ပြီး စခန်းကိုလာဖို့ခေါ်ရာကနေ စခန်းကိုရောက်မှ ARSA တပ်ဖွဲ့ဝင်တွေကို ထမင်းကျွေးတယ်။ စစ်တပ်ကသတင်းတွေကို သူတို့ကိုပေးတယ်ဆိုပြီး ဖမ်းဆီးလိုက်တာ” ဟု ကြက်ရိုးပြင်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက DMG ကို ပြောသည်။

အဆိုပါအုပ်ချုပ်ရေးမှူးမှာ ARSA နှင့် တစ်စုံတစ်ရာ ဆက်သွယ်ခြင်း မရှိဘဲ စွပ်စွဲခံနေခြင်းသာဖြစ်ပြီး ရိုက်နှက်စစ်ဆေးမည်ကို စိုးရိမ်ကြောင်း မိသားစုဝင်များက ပြောသည်။

မိသားစုဝင် အမျိုးသားတစ်ဦးက “ကျနော်တို့ ARSA ကို ထမင်းကျွေးတယ်ဆိုတာက စွဲဆိုချက်တာဖြစ်တယ်။ အခုလက်ရှိ ကျနော်တို့ရွာမှာ ARSA တွေ မရှိသလို သူတို့ဝင်လာတာလည်း မရှိဘူး။ သူ့ကို မကျေနပ်တဲ့ သူတစ်ယောက်ယောက်က အခုလိုမျိုး တိုင်ကြထားတာထင်တယ်” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌ ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။

ဘူးသီးတောင်မြို့နယ်တွင်လည်း ARSA တပ်ဖွဲ့ဝင်များ စိမ့်ဝင်လှုပ်ရှားလာမှုကို ထိန်းချုပ်ရန် ပြီးခဲ့သည့် ဩဂုတ်လမှစတင်ဘာ ရက္ခိုင့်တပ်တော် (AA)က ဆောင်ရွက်လာနေပြီး မွတ်ဆလင်အချို့ကို သံသယဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။

#I011

ဗီဒီယိုများ