AA က အိန္ဒိယနိုင်ငံသားအပါအဝင် ၉ ဦးကိုပြန်လွှတ်ပေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဆက်လက်စစ်ဆေးရန် ထိန်းသိမ်းထား

“သူတို့ကို မနေ့ညနေ့ကတည်းက ပြန်လွှတ်လိုက်ပြီ။ မနေ့ညက မိုးချုပ်သွားတော့ လမ်းမှာ လုံခြုံရေးအခြေအနေအရ အန္တရာယ်မဖြစ်ရအောင် ဒီနေ့မနက်မှာပဲ ကောင်းကောင်းမွန်မွန် လွှတ်ပေးလိုက်တယ်။ အဲဒီအိန္ဒိယနိုင်ငံသားတွေနဲ့ ၉ ဦးကိုတော့ လွှတ်ပေးလိုက်ပြီ။ ချင်းအမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုတော့ ကျနော်တို့ လုံခြုံရေးအရ စစ်ဆေးစရာတွေရှိသေးလို့ ထိန်းသိမ်းထားတာပဲရှိပါတယ်”

By ခိုင်ရိုးလ ၊ ဝင်းညွန့် 04 Nov 2019

ခိုင်ရိုးလ၊ ဝင်းညွန့် | DMG

နိုဝင်ဘာ ၄ ၊ စစ်တွေ

ရက္ခိုင့်တပ်တော်(AA)က စစ်ဆေးခဲ့သည့် အိန္ဒိယနိုင်ငံသားအပါအဝင် ၉ ဦးကို ယနေ့နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ပြန်လွှတ်ပေးခဲ့ပြီး ချင်းပြည်နယ်မှ အမျိုးသားလွှတ်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးဝှေ့တင်းအား လုံခြုံရေးအရ ဆက်လက်ထိန်းသိမ်းထားကြောင်း အေအေပြောခွင့်ရသူ ခိုင်သုခက DMG ကိုပြောသည်။

အောက်တိုဘာလ ၃ ရက်နေ့က အိန္ဒိယနိုင်ငံသား ၅ ဦးအပါအဝင် ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း၊ Speedboat ဘုတ်မောင်းသူ ၂ ဦးနှင့် စကားပြန်နှစ်ဦး စုစုပေါင်း ၁၀ ဦးတို့သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သို့ ကုလားတန်မြစ်ကြောင်းအတိုင်း ထွက်လာစဉ် အေအေက ရပ်တန့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ဆေးခဲ့ခြင်းသည် အိန္ဒိယနိုင်ငံသားများကို ဦးတည်ဖမ်းခြင်းမဟုတ်ဘဲ ပုံမှန်လုံခြုံရေးဆောင်ရွက် ရာတွင် ရပ်တန့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း အေအေပြောခွင့်ရသူ ခိုင်သုခက ပြောသည်။

“သူတို့ကို မနေ့ညနေ့ကတည်းက ပြန်လွှတ်လိုက်ပြီ။ မနေ့ညက မိုးချုပ်သွားတော့ လမ်းမှာ လုံခြုံရေးအခြေအနေအရ အန္တရာယ်မဖြစ်ရအောင် ဒီနေ့မနက်မှာပဲ ကောင်းကောင်းမွန်မွန် လွှတ်ပေးလိုက်တယ်။ အဲဒီအိန္ဒိယနိုင်ငံသားတွေနဲ့ ၉ ဦးကိုတော့ လွှတ်ပေးလိုက်ပြီ။ ချင်းအမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုတော့ ကျနော်တို့ လုံခြုံရေးအရ စစ်ဆေးစရာတွေရှိသေးလို့ ထိန်းသိမ်းထားတာပဲရှိပါတယ်” ဟု ၎င်းကဆိုသည်။

အေအေက စစ်ဆေးခဲ့သူများထဲတွင် အိန္ဒိယနိုင်ငံသားတစ်ဦး သေဆုံးမှုရှိခဲ့ပြီး ၎င်းသေဆုံးသူမှာ နှလုံးအမော ဖောက်၍ သေဆုံးခြင်းဖြစ်ကြောင်းနှင့် အေအေဆေးတပ်ဖွဲ့မှ ဆေးကုသမှုပေးခဲ့သော်လည်း အချိန်တိုအတွင်း သေဆုံးသွားခဲ့ကြောင်း အေအေပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“အဲဒီလို စစ်ဆေးစဉ်ကာလမှာ အိန္ဒိယနိုင်ငံသားတစ်ဦးဖြစ်တဲ့ မစ္စတာဘီနောဆိုတဲ့သူကတော့ သူရဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ ၊ အဝလွန်တဲ့ရောဂါတွေကြောင့် ခဏလေးအတွင်းမှာဘဲ နှလုံးလျော့ဖြစ်ပြီးတော့ အသက်ဆုံးသွားတာရှိတယ်။ ကျွန်တော်တို့ဆေးတပ်ဖွဲ့က အကောင်းဆိုးကြိုးစားကယ်တင်ခဲ့ပေမယ့် အချိန် ခဏလေးအတွင်းမှာပဲသေဆုံးသွားခဲ့တာပါ” ဟု ခိုင်သုခက ပြောဆိုသည်။

လက်ရှိတွင် AA မှ ပြန်လွှတ်ပေးလိုက်သော အိန္ဒိယနိုင်ငံသားအအပါအဝင် ၉ ဦးမှာ ကျောက်တော်ဆေးရုံသို့ ရောက်ရှိနေသည်ဟု ကျောက်တော်ဒေသခံတစ်ဦးကပြောသည်။

“ဒီနေ့ကျောက်တော်ဆေးရုံကိုရောက်တယ်။ အဲဒီအိန္ဒိယနိုင်ငံသားတွေထဲမှာ အလောင်းတစ်လောင်းပါတယ်။ သူတို့ပြောတာကတော့ တောင်တက်တဲ့အခါ အမောဖောက်ပြီး နှလုံးရပ်လို့သေသွားတာလို့ပြောတယ်” ဟု ၎င်းဒေသခံက ပြောသည်။

အေအေက ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းတစ်ဦးတည်းကို ဆက်လက်ထိန်းသိမ်းစစ်ဆေးလျက်ရှိသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ်၊ စည်ပင်သာယာရေး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထိုက် ကို DMG က ဆက်သွယ်မေးမြန်းခဲ့ရာ လတ်တလောမအားသေးကြောင်း အကြောင်းပြန်ခဲ့သည်။

ဗီဒီယိုများ