ရခိုင်လူထုအပေါ် ကျူးလွန်နေသည့် လူမဆန်သောလုပ်ရပ်များကို ရပ်တန့်ပေးရန် AASC ထုတ်ပြန်

ရခိုင်ပြည်သူလူထုပေါ် ကျူးလွန်နေသည့် လူမဆန်သောလုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ရန်လိုအပ်ကြောင်း ရခိုင်တစ်မျိုးသားလုံးညီညွှတ်ရေးကော်မတီ (AASC)က သြဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

By အောင်ထိန် 08 Aug 2020

တပ်မတော်သားများက ပစ်သတ်ခဲ့သည်ဆိုသည့် ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာမှ ဦးမောင်ထွန်းစိန် (၆၀)နှစ်၏ ရုပ်အလောင်းအား သေဆုံးပြီး ၁၉ ရက်အကြာတွင် အိမ်သာကျင်းထဲက တွေ့ရှိခဲ့သည်။

အောင်ထိန်၊ DMG
သြဂုတ် ၈ ၊ စစ်တွေ

ရခိုင်ပြည်သူလူထုပေါ် ကျူးလွန်နေသည့် လူမဆန်သောလုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ရန်လိုအပ်ကြောင်း ရခိုင်တစ်မျိုးသားလုံးညီညွှတ်ရေးကော်မတီ (AASC)က သြဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်တွင် ၂၀၁၉ ခုနှစ်ဇန်နဝါရီလမှစ၍ ပြင်းထန်လာသောစစ်ပွဲကာလအတွင်း ရခိုင်လူထုတို့သည် လက်သည်မပေါ်သော ရက်ရက်စက်စက်သတ်ဖြတ်ခံရမှု၊ ဖမ်းဆီးညှင်းပမ်းနှိပ်စက်ခံခြင်း၊ တရားစွဲဆို ထောင်ချခံရခြင်းများအပြင်  ရွာလုံးကျွတ်မီးရှို့ခံရပြီး စီးပွားဥစ္စာလုယက်ခံရမှုများသည် တစ်နေ့ထက်တစ်နေ့ တိုးလာနေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

တပ်မတော်နှင့်AAတို့ တိုက်ပွဲဖြစ်ပွားနေသည့် ကာလအတွင်း စစ်ပွဲ၏အကျိုးဆက်အဖြစ် အရပ်သားသေဆုံးသူ (၂၇၀) ကျော်၊ ထိခိုက်ဒဏ်ရာ ရရှိသူ (၅၀၀)ကျော်၊ နေရပ်စွန်ခွာထွက်ပြေးနေကြရသော စစ်ဘေးဒုက္ခသည် ၂ သိန်းကျော်၊ မီးရှို့ခံရသည့်ကျေးရွာပေါင်း (၂၀)ကျော်နှင့် သံသယဖြင့် တရားစွဲဆိုခံထားရသူ (၈၀၀)ကျော် ထိရှိကြောင်း AASC မှသိရသည်။

ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာမှ ဦးမောင်ထွန်းစိန် သတ်ဖြတ်အလောင်းဖျောက်ခံရခြင်း၊ ကျောက်တော် မြို့နယ်၊ ပိုက်သည်ရပ်ကွက် ဦးကျော်လှိုင်မှာ သတ်ဖြတ်အလောင်းဖျောက်ခံရခြင်း၊ မင်းပြားမြို့နယ်၊ သင်းပေါင်း ချောင်းကျေးရွာမှ ဦးဝင်းမောင် သတ်ဖြတ်အလောင်းဖျောက်ခံရခြင်း၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အမျိုးသမီးတစ်ဦး ခြိမ်းခြောက်မုဒိမ်းပြုကျင့်ခံရခြင်းတို့သည် လူသားဖြစ်တည်မှုကို ခြိမ်းခြောက်လာသည့် လူမဆန်သော အကြမ်းမှုများ ဖြစ်သည်ဟု AASC က သုံးသပ်ထားသည်။

“အဲဒီလုပ်ရပ်တွေဟာ အကြမ်းဖက်နှိမ်နှင်းရေးခေါင်းစဉ်အောက်မှာ စက်ဆုပ်ဖွယ်ယုတ်ညံ့တဲ့ လုပ်ရပ်တွေဖြစ် တယ်။ ရက်စက်စွာသတ်ဖြတ်၊အလောင်းဖျောက်ခံရတာ၊ မုဒိမ်းကျင့်ခြင်းခံရသူတွေဟာ အကြမ်းဖက်သမားတွေ မဟုတ်ဘူး” ဟု AASC က ဆိုသည်။

အဆိုပါ လုပ်ရပ်များအား အကြမ်းဖက်နှိမ်နှင်းရေးခေါင်းစဉ်အောက်တွင် ကျူးလွန်လျက်ရှိနေခြင်းသည် လူမျိုးရေးမုန်းတီးမှုအရ သုတ်သင်သတ်ဖြတ်သကဲ့သို့ ဖြစ်နေပြီး ယခုကဲ့သို့ စက်ဆုတ်ယုတ်ညံ့သည့် အကြမ်းဖက်ကျူးလွန်းမှုများကို ၎င်းတို့ ကော်မတီက ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ထားသည်။

သို့ဖြစ်၍  ပြည်ထောင်စုအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အပါအဝင် အခြားတိုင်းရင်းသား ပြည်နယ်များအတွင်း မိမိတို့တာဝန်ပေးအပ်ထားသည့် အကြမ်းမှုနှိမ်နှင်းရေး၊ သောင်းကျန်သူနှိမ်နှင်းရေး ခေါင်းစဉ်အောက်တွင် တိုင်းရင်းသား လူမျိုးစုံမည်ကဲ့သို့ ခံစားနေကြောင်းနှင့် ပြည်ထောင်စုသွေးစည်းညီညွတ်ရေး၊(ဖက်ဒရယ်) ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက် စသည်တို့ကို အောက်ခြေ၌ ဖြိုဖျက်သလို ဖြစ်နေခြင်းကို အရေးတကြီးလေ့လာစိစစ်သင့်ကြောင်း AASC က တိုက်တွန်းထားသည်။

ဗီဒီယိုများ