စစ်တွေတွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရမှု ALA မဟုတ်ဟု ငြင်းဆို

စစ်တွေမြို့တွင် ပစ်ခတ်ခံရမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးသွားခြင်းမှာ မိမိတို့လက်ချက်မဟုတ်ကြောင်း ရခိုင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် (ALA) မှ ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။

24 Jun 2021

DMG ၊ ဇွန် ၂၄

စစ်တွေမြို့တွင် ပစ်ခတ်ခံရမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးသွားခြင်းမှာ မိမိတို့လက်ချက်မဟုတ်ကြောင်း ရခိုင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် (ALA) မှ ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်ပြောဆိုမှု၊ ကောလဟာလ ပြောဆိုခြင်းများရှိသဖြင့် ALA အနေဖြင့် ထိုပြဿနာနှင့်လုံးဝဆက်နွယ်ခြင်းမရှိကြောင်း ပြည်သူများသိရှိရန်အတွက် ယခုကဲ့သို့ ထုတ်လိုက်ခြင်းဖြစ်သည်ဟု ALA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မြို့ပေါ်မှာ ကျွန်တော်တို့က ရပ်နေလို့နေပေမယ့် ကျွန်တော်တို့မှာ ရှိနေတဲ့ ရဲဘော်ရဲဘက်တွေ၊ တစ်ခြားကျွန် တော်တို့နဲ့ဆက်စပ်နေတဲ့ ရဲဘော်ဟောင်းတွေ အားလုံးကို စုံစမ်းမေးမြန်းကြည့်ပြီးပြီဖြစ်တယ်။ နောက်ပြီး ကျွန်တော်တို့မှာ တစ်ခုတစ်ခဲနေကြတဲ့ ရဲဘော်တွေလည်း အဲဒီပြဿနာဖြစ်နေ့မှာ အပြင်ထွက်ပြီး သွားလာနေတဲ့သူ မရှိတာကြောင့် ဒီကိစ္စဟာ ကျွန်တော်တို့နဲ့ ဆက်နွယ်မှုမရှိတဲ့အကြောင်းကို ယုံယုံကြည်ကြည်နဲ့ ပြောတာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းတွင် စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်၊ ဓူဝံလမ်းတွင်နေထိုင်သည့် အသက် (၅၂) နှစ်အရွယ် ဦးညွှန့်စိုးအောင် (ခ) ဦးမဲကလောင်မှာ ယင်းရပ်ကွက်အတွင်းရှိ မီးခြစ်စက်လမ်း၌ ရှိနေစဉ် အမည်မသိတစ်စုက သေနတ်ဖြင့်ပစ်သတ်ခဲ့သည့်အတွက် အခင်းဖြစ်ပွာရာနေရာတွင် ပွဲရှင်းပြီးသေ ဆုံးသွားခဲ့သည်။

ဦးညွှန့်စိုးအောင် (ခ) ဦးမဲကလောင် သေဆုံးရမှုနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် မိသားစုနှင့်အတူ ဝမ်းနည်းမိကြောင်း ရခိုင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် (ALA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသွားသည့် ဦးညွှန့်စိုးအောင် (ခ) ဦးမဲကလောင်မှာ လက်သမားဆရာတစ်ဦးဖြစ်ပြီး ၎င်းသေဆုံးမှုနှင့်ပတ် သက်၍ မိသားစုဝင်များက ALA အပေါ် သံသယရှိနေကြသည်။

“သူသေမှုသေခင်းကို အမှုမှန်ပေါ်ပေါက်ရေးအတွက် မိမိတို့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်က အစွမ်း ကုန်ကြိုးပမ်းဖော်ထုတ်သွားမယ်” ဟု ALA ၏ ယနေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လအတွင်းကလည်း စစ်တွေမြို့ အမှတ်(၁)ရဲစခန်းတွင် တာဝန်ကျနေသည့် ရဲတပ်ကြပ်ကြီး မောင်မောင်သန်းမှာ အမည်မသိလူနှစ်ဦးက ဓားဖြင့်ထိုးသတ်ခဲ့ဖြင့် သေဆုံးသွားခဲ့သည်။

ယင်းအပြင် ပြီးခဲ့သည့်နှစ် မေလ ၂၅ ရက်နေ့ နံနက်ပိုင်းကလည်း စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်သည်လည်း နေအိမ်မှထွက်လာပြီး မောလိပ်ရပ်ကွက်မှ ကွမ်းယာဆိုင်တွင် ကွမ်းဝယ်နေစဉ် အမည်မသိလူ ၄ ဦးမှ ဓားဖြင့်ထိုးသတ်ခဲ့သဖြင့် သေဆုံးသွားခဲ့သည်။

ထိုသို့ ဖြစ်ရပ်အများအပြားရှိခဲ့သော်လည်း ယခုနေ့အချိန် ပြစ်မှုကျူးလွန်သည့်တရားခံကို ဖော်ထုတ်ဖမ်းဆီး အရေးယူခြင်း တစ်စုံတစ်ရာမတွေ့ရပေ။

ပြည်နယ်အစိုးရရုံးစိုက်ရာ စစ်တွေမြို့ပေါ်တွင် ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခံရမှုများရှိနေသဖြင့် ဒေသခံပြည် သူများမှာ လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိနေကြသည်။

ဗီဒီယိုများ