ALP တွဲဖက်အတွင်းရေးမှူးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၅ ဦးကို AA မှ ဖမ်းဆီးသွားကြောင်းပြော

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ တွဲဖက်အတွင်းရေးမှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅ ဦးကို ရက္ခိုင့် တပ်တော်(AA)မှ ဖမ်းဆီးသွားခဲ့ကြောင်း ALP မှ သြဂုတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

12 Aug 2020

အောင်ထိန် | DMG
သြဂုတ် ၁၂ ၊ စစ်တွေ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ တွဲဖက်အတွင်းရေးမှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅ ဦးကို ရက္ခိုင့် တပ်တော်(AA)မှ ဖမ်းဆီးသွားခဲ့ကြောင်း ALP မှ သြဂုတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူများသည် ALP ၏တွဲဖက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်း၊ ဆက်ဆံရေးရုံးဝန်ထမ်း ခိုင်ဌေးနှင့် ဆေးဘက်ဆိုင်ရာ ရခိုင်လူထုကျန်းမာရေးလုပ်သားအဖွဲ့(RCHWA)မှ ခိုင်မျိုးဇံ၊ ခိုင်မိုးဇက်နှင့် ခိုင်ဟိန်းဇော်တို့ကို ဖြစ်သည်။

ခိုင်ဟိန်းဇော်၊ ခိုင်မျိုးဇံနှင့် ခိုင်မိုးဇက်တို့သည် သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ALP တပ်ဖွဲ့ဝင် တစ်ဦး၏ နာရေးမှပြန်လာစဉ်  ပုဏ္ဏားကျွန်းမြို့နယ်၊ မြောင်ကြီးကျေးရွာအနီးတွင် လက်နက်များကိုင်ဆောင် ထားသည့် AA တပ်ဖွဲ့ဝင် ၁၀ ဦးခန့်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ALP မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခိုင်စောမြက ဆိုသည်။

“ကိုယ့်ယုံကြည်ချက်အပေါ်မှာ အခြေခံပြီး ရခိုင်လူထု ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့အတွက် တိုက်ပွဲဝင်နေတဲ့သူတွေပါပဲ။ အဲလို တိုက်ပွဲဝင်နေကြတဲ့အခါ တစ်ဖက်ကိုတစ်ဖက် လက်နက်ကိုင်တော်လှန်ရေးအချင်းချင်း တစ်ယောက်ကို တစ်ယောက် သတ်လိုက်၊ ဖြတ်လိုက်၊ ဖမ်းလိုက်လုပ်တာကတော့ အမျိုးသားရေးဂုဏ်ပုဒ်အတွက် မကောင်းဘူး” ဟု ဗိုလ်မှူးကြီး ခိုင်စောမြက ပြောသည်။

တွဲဖက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်းနှင့် ခိုင်ဌေးမှာ နေအိမ်အတွင်းဖမ်းဆီးခံရခြင်းဖြစ်ကာ လက်ရှိတွင် ဖမ်းဆီးခံရသည့် အဖွဲ့ဝင်များအား မည့်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း ဆိုသည်။

ရက္ခိုင့်တပ်တော်(AA)မှ ALP အဖွဲ့ဝင်များကို ဖမ်းဆီးခြင်းမရှိကြောင်း အေအေပြောခွင့်ရသူ ခိုင်သုခက RFA သတင်းဌာနကို ပြောကြားထားသည်။

ရက္ခိုင့်တပ်တော်(AA)မှ ALA/ALP တပ်ဖွဲ့ဝင်များကိုဖမ်းဆီးခြင်းသည် ၂၀၁၇ ခုနှစ်တွင် ၂ ကြိမ်၊ ၂၀၂၀ ခုနှစ် မေလ (၂၃)ရက်နေ့တွင် တစ်ကြိမ်နှင့် ယခုတစ်ကြိမ်၊ စုစုပေါင်း ၄ ကြိမ်တိုင်ပြုလုပ်ခဲ့ကြောင့် ALP ၏ ထုတ်ပြန် ချက်တွင်ပါရှိသည်။

“ရခိုင်အချင်းချင်း ကြားလို့လည်းမကောင်းဘူး။ တခြားလူတွေကြားလို့ရှိရင်လည်း မကောင်းဘူး။ ဒီလိုလုပ်တာ ကိုတော့ ကျွန်တော်တို့က လုံးဝမကြိုက်ဘူး။ အခုလိုပုံစံမျိုး လုပ်တာကိုလည်း ကျွန်တော်တို့ မခံနိုင်ဘူး” ဟု ဗိုလ်မှူးကြီးခိုင်စောမြက ဆိုသည်။

ALP/ALA တပ်ဖွဲ့ဝင်များဖြစ်သည့် ရခိုင်ပြည်နယ်၊ ပေါက်တော်မြို့နယ်၊ ရဗက်ချိုင်ကျေးရွာမှ ခိုင်မောင်ခင်ဝင်းနှင့် ခိုင်မောင်လုံးတို့ကို မေလ ၂၃ ရက်နေ့တွင်လည်းကောင်း၊ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ ခိုင်ဝင်းလှိုင်ကို မေလ ၃၁ ရက်နေ့တွင်လည်းကောင်း AA မှဖမ်းဆီးသွားကြောင်း ALP က ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိဖမ်းဆီးထားသည့် ALP တပ်ဖွဲ့ဝင်များနှင့် ယခင်က ဖမ်းဆီးထားသော တပ်ဖွဲ့ဝင်များအား ပြန်လည် လွှတ်ပေးရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီက တောင်းဆိုထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)သည် ၂၀၁၅ ခုနှစ်က အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ဗီဒီယိုများ