ALP ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနှင့် ကျောင်းသားတစ်ဦးကို AA က ဖမ်းဆီး

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယ ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနှင့် အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်တို့ကို ULA/AA တပ်ဖွဲ့ဝင်များက ယမန်နေ့(သြဂုတ်လ ၂ ရက်နေ့) ညနေ့ ၆ နာရီခန့်တွင် စစ်တွေမြို့ရှိ ၎င်းတို့၏နေအိမ်မှ ဝင်ရောက်ဖမ်းဆီးသွားကြောင်း ALP မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

03 Aug 2022

ALP ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းမှ စစ်တွေရှိ ကျောင်းသားတချို့အား ထောက်ပံ့ပစ္စည်းတချို့ပေးနေစဉ်။ Photo- ALP စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန FB Page

DMG ၊ သြဂုတ် ၃

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယ ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနှင့် အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်တို့ကို ULA/AA တပ်ဖွဲ့ဝင်များက ယမန်နေ့(သြဂုတ်လ ၂ ရက်နေ့) ညနေ့ ၆ နာရီခန့်တွင် စစ်တွေမြို့ရှိ ၎င်းတို့၏နေအိမ်မှ ဝင်ရောက်ဖမ်းဆီးသွားကြောင်း ALP မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနေ့က ၆ နာရီလောက်က ULA/AA က ဖမ်းခေါ်သွားတာ။ လက်ရှိမှာတော့ ဘယ်နေရာမှာရှိနေလဲ မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ စုံစမ်းနေတယ်”ဟု ALP တွဲဖက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်းက DMG ကိုပြောသည်။

ထိုသို့ဖမ်းဆီးခြင်းသည် ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိပါးစေကာ ရခိုင်တော်လှန်ရေးအဖွဲ့ အချင်းချင်းအကြားတွင် လုံးဝမဖြစ်သင့်သည့်လုပ်ရပ်ဟု ALP က ထုတ်ပြန်ထားသည်။

“ကျနော်တို့ကတော့ သူတို့လည်း တော်လှန်ရေးအဖွဲ့၊ ကျနော်တို့လည်း တော်လှန်ရေးအဖွဲ့ဖြစ်တယ်။ သွားရာလမ်းကြောင်းလည်းတူတယ်။ ULA/AA မပေါ်ခင်ကတည်းက တိုက်ပွဲဝင်လာတဲ့အဖွဲ့ဖြစ်တယ်။ အောက်ခြေမှာ နားလည်မှုမရှိဆိုရင် အထက်ပိုင်းမှာ အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ဖို့ သွားရာလမ်းကြောင်းတစ်ခုကို တည်ဆောက်ဖို့ ဆွေးနွေးညှိနှိုင်းသင့်တယ်။ ကျနော်တို့ပါတီအနေနဲ့ကတော့ ပြန်လည်ဖွဲ့စည်းပြီးတဲ့နောက်မှာ ULA နဲ့သော်လည်းကောင်း အခြားသောအဖွဲ့အစည်းများနဲ့သော်လည်းကောင်း ဆွေးနွေးတိုင်ပင်သွားဖို့ရှိတယ်”ဟု ခိုင်အောင်စိုးသန်းကပြောသည်။

ULA/AA ဘက်က ALP/ALA အရံဗဟိုကော်မတီဝင် ခိုင်အောင်သိန်းဌေးအပါအဝင် တပ်ဖွဲ့ဝင်(၁၀)ကျော်ကို ယခင်ကလည်းဖမ်းဆီးခဲ့ပြီး ယနေ့အထိပြန်မလွတ်သေးကြောင်း ALP ကဆိုသည်။

ယခုဖမ်းဆီးထားသည့် ALP ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းတို့အပါအဝင် ယခင်က ဖမ်းဆီးထားသည့် ပါတီခေါင်းဆောင်များနှင့် ရဲဘော်များကိုလည်း ပြန်လွှတ်ပေးရန် ALP က တောင်းဆိုထားသည်။

ပြီးခဲသည့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် မြောင်ကြီးကျေးရွာအနီးရှိ ALP မှ တွဲဘက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်းနဲ့ ခိုင်မျိုးဇံအပါဝင် ဆေးဝန်ထမ်းများဖြစ်သည့် ခိုင်ဌေး၊ ခိုင်မိုးဇက်၊ ခိုင်ဟိန်းဇော်တို့ကို ULA/AA မှဖမ်းဆီးခဲ့ပြီး ရက်ပေါင်း ၁၀ ကျော်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

ထိုသို့ ALP တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားခြင်းနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို DMG မှ ဆက်သွယ်နေဆဲဖြစ်သည်။

ALP ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အကူအညီဖြင့် ၁၉၆၈ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ဝါရင့်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ လက်ရှိတွင် ALP မှာ အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချူပ်(NCA)တွင် လက်မှတ်ရေးထိုးထားသည်။

ဗီဒီယိုများ