ကိုဗစ်ရောဂါထိန်းချုပ်နိုင်ရန် မြောက်ဦးမြို့မဈေးကြီးထဲမှ ဟင်းသီးဟင်းရွက်နှင့် သားငါးဈေးကို ပြောင်းရွှေ့

မြောက်ဦးမြို့တွင် COVID-19 ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးကြီးရှိ အသား၊ ငါးနှင့် -ဟင်းသီးဟင်းရွက်ဈေးတန်းကို ဝရစ်တောကွင်းနှင့် ဘောလုံးကွင်းသို့ ယနေ့ ဇူလိုင် ၁၇ ရက်နေ့တွင် ယာယီပြောင်းရွေ့လိုက်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှသိရသည်။

17 Jul 2021

DMG ၊ ဇူလိုင် ၁၇

မြောက်ဦးမြို့တွင် COVID-19 ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးကြီးရှိ အသား၊ ငါးနှင့် -ဟင်းသီးဟင်းရွက်ဈေးတန်းကို ဝရစ်တောကွင်းနှင့် ဘောလုံးကွင်းသို့ ယနေ့ ဇူလိုင် ၁၇ ရက်နေ့တွင် ယာယီပြောင်းရွေ့လိုက်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှသိရသည်။

မျိုးရိုးဗီဇပြောင်း COVID-19 ရောဂါကူးစက်မှုကာလအတွင်း လူစုလူဝေးမဖြစ်စေရန်နှင့် ရောဂါပြန့်ပွားခြင်းအား ထိန်းချုပ်ရန် အသားငါးဈေးတန်းကို ဘောလုံးကွင်းသို့ ပြောင်းရွေ့ပြီး ဟင်းသီး၊ ဟင်းရွက်ဈေးတန်းကို ဆေးရုံဟောင်းအနီးရှိ ဝရစ်တောကွင်းသို့ တစ်ယောက်စီ ၆ ပေအကွာဖြင့် ပြောင်းရွေ့လိုက်ကြောင်း မြောက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောသည်။

“COVID ဖြစ်ပွားမှုတွေ တိုးလာတဲ့အတွက် ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ လမ်းညွှန်ချက်အရ ပြောင်းရွေ့လိုက်တာ ဖြစ်တယ်။ မြောက်ဦးမြို့နယ်မှာက COVID ဖြစ်ရတဲ့ထဲမှာ ဈေးထဲက ကူးစက်တယ်လို့ ပိုပြီးတွေ့ရတယ်။ အဲဒီနေရာမှာက လူတွေလည်း ထူထပ်နေပြီးတော့ လူစုလူဝေးအများဆုံးလည်းဖြစ်တယ်။ အဲဒါကြောင့် လူများတဲ့နေရာကို COVID စည်းကမ်းချက်နဲ့အညီ အပြင်ကို ထုတ်လိုက်တဲ့သဘောပါ။ ” ဟု ဦးရွှေမောင်က ပြောသည်။

ယာယီပြောင်းရွေ့လိုက်သည့် ဈေးသည်များအနေဖြင့်လည်း ယင်းနေရာတွင် မည်သည့်အချိန်ထိ ရောင်းချခွင့်ရမည်ကို မသိရသေးကြောင်းနှင့် COVID-19 ရောဂါဖြစ်ပွားမှုအပေါ်တွင် မူတည်သည်ဟုလည်း ဆိုသည်။

COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်သည့်အနေဖြင့် ဟင်းသီးဟင်းရွက်၊ အသားငါးဈေးကို ပြောင်းရွေ့လိုက်ခြင်းမှာ လူစုလူဝေးကို လျော့ချရာရောက်သော်လည်း COVID-19 ရောဂါကာကွယ်မှုစည်းကမ်းချက်များကို ပြည်သူများနှင့် ဈေးသည်များအနေဖြင့် လိုက်နာမှုအားနည်းနေသေးသည်ဟု မြောက်ဦးမြို့မိမြို့ဖ ဦးမောင်ရွှေတင်က ပြောသည်။

“ဈေးကိုပြောင်းရွေ့လိုက်တာဟာ လူလျော့ချရာ ရောက်တယ်ပေါ့နော်။ အခုဖြစ်နေတဲ့ COVID က ပထမလှိုင်း၊ ဒုတိယလှိုင်းကထက် အလွန်တရာမှ ကြောက်စရာကောင်းတဲ့ ကပ်ရောဂါဖြစ်နေတယ်။ ဒီကာလမှာ အားလုံးက ကျန်းမာရေးဗဟုသုတအရသော်လည်းကောင်း အာရုံစူးစိုက်မှုအရသော်လည်းကောင်း တတ်သိနားလည်တဲ့ သူတွေရဲ့ ညွှန်ကြားမှုကို ပြည်သူတွေအနေနဲ့လည်း တသွေမသိမ်းလိုက်နာ ဆောင်ရွက်ဖို့လိုအပ်တယ်။ ” ဟု ဦးမောင်ရွှေတင်က ဆိုသည်။

လက်ရှိဖြစ်ပွားနေသော ကိုဗစ်ရောဂါမှာ ယခင်ပထမလှိုင်း၊ ဒုတိယလှိုင်းတုန်းကထက် ပိုပြီးကူးစက်မြန်၊ သေဆုံးမြန်နေသည့်အတွက် သက်ဆိုင်ရာကျန်းမာရေးဌာန၊ အာဏာပိုင်၊ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန်နှင့် ပြည်သူများအနေဖြင့်လည်း သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း  ဦးမောင်ရွှေတင်က အကြံပြုတိုက်တွန်း ပြောဆိုထားသည်။

မြောက်ဦးမြို့တွင် ယာယီပြောင်းရွှေ့ထားသည့် ဈေးများကို အချိန်အကန့်အသတ်နှင့်မဟုတ်ပဲ ပုံမှန်ဈေးရောင်းချနေချိန်အတိုင်း သတ်မှတ်ထားသည့်နေရာတွင် ရောင်းချသွားမည်ဟုလည်း သိရသည်။

ရခိုင်ပြည်တွင် COVID-19 ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်းတွင် သေဆုံးသူ ၃၇ ဦးရှိခဲ့ပြီး ယခုတတိယလှိုင်း အစမှာပင် သေဆုံးသူဦးရေမှာ ဇူလိုင်လ ၁၆ ရက်နေ့အထိ ၃၁ ဦးရှိလာနေပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ