တိုက်ပွဲဖြစ်ပွားရာဒေသများ၌ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူများအား အရေးယူပေးရန် အရပ်ဘက် အဖွဲ့အစည်း ၁၇ ဖွဲ့တောင်းဆို

တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် တိုင်းရင်းသားဒေသများ၌ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးရေးအတွက် အရပ်ဖက်အဖွဲ့အစည်း(၁၇)ခုက တောင်းဆို လိုက်သည်။

By နှင်းနွယ် 07 Nov 2020



နှင်းနွယ် | DMG
နိုဝင်ဘာ ၇ ၊ စစ်တွေ

တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် တိုင်းရင်းသားဒေသများ၌ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးရေးအတွက် အရပ်ဖက်အဖွဲ့အစည်း(၁၇)ခုက တောင်းဆို လိုက်သည်။

၂၀၂၀ ပြည့်နှစ်အတွင်း ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်မှ လူ့အခွင့်အရေးချိုးဖောက်မှု များနှင့်ပတ်သက်ပြီး အစီရင်ခံစာတစ်စောင်ကို ၎င်းအရပ်ဖက်အဖွဲ့အစည်းများမှထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာလ ၆ ရက်နေ့က အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုလည်း ပြုလုပ်ခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခံရသည့် အပြစ်မဲ့ပြည်သူများအတွက် တရားမျှတမှုရရှိစေရန် ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်ကြောင်း ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုသန်းလှကဆိုသည်။

“ရခိုင်ဖက်မှာမေးစရာရှိတယ်ဆိုပြီးခေါ်သွားပြီးတော့ မနက်မိုးလင်းတာနဲ့ဆေးရုံမှာလာပြီးတော့ အလောင်းကို လာပြီးအပ်တယ်။ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်း သူတို့မှာတစ်စုံတစ်ရာ တာဝန်ယူတာတို့ မရှိဘူး” ဟု ၎င်းကပြောသည်။

ရခိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်(၁၃)ခုတို့တွင် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ရပ်အများစုမှာ မတရားဖမ်းဆီးညှင်းပန်းနှိပ်စက်မှုများ၊ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များနှင့် မတရားသတ်ဖြတ်ခံရမှုဖြစ်စဉ်တို့ ဖြစ်သည်။

အဆိုပါဒေသများတွင် မတရားဖမ်းဆီးခံရသူ စုစုပေါင်း(၃၅)ဦး၊ မြေမြှုပ်မိုင်းကြောင့် မသန်စွမ်းဖြစ်သွားသူ (၃၄)ဦးနှင့် မတရားသတ်ဖြတ်ခံခဲ့ရသည့် ပြည်သူစုစုပေါင်း(၃၁)ဦးအထိရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းများ၏ စာရင်းအရသိရသည်။

တပ်မတော်အနေဖြင့် ကိုဗစ်ကာလအတွင်း တိုင်းရင်းသားဒေသများ၌ ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုရပ်တန့် ပေးရန်နှင့် ကပ်ဘေးကာလကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် အတူတကွပူးပေါင်းလုပ်ဆောင်သင့်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းထားသည်။

“မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမှန်တရားနဲ့ တရားမျှတမှုရရှိဖို့အတွက် စုံစမ်းစစ်ဆေးပေးဖို့ရယ်၊ အရေးယူမှုတွေဆောင်ရွက်ပေးဖို့ရယ်၊ ပြီးလို့ရှိရင် ကျူးလွန်ခံရတဲ့ပြည်သူတွေရဲ့ ကျန်ရှိနေတဲ့မိသားစုဝင်များကို သူတို့နဲ့သင့်တော်တဲ့ပြန်လည်ကုစားမှု တွေကိုလုပ်ပေးဖို့တိုက်တွန်း အကြံပြုချင် ပါတယ်” ဟု ဆွေးနွေးပွဲတွင်ပါဝင်ဆွေးနွေးခဲ့သည့် မမေဖူးမြင့်က ပြောဆိုခဲ့သည်။

ယင်းပြင် တပ်မတော်အနေဖြင့် အစိုးရကိုအမိန့်ပေး၍ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် ရက္ခိုင့်တပ်တော်(AA)အပါအဝင် လက်နက်ကိုင်တိုင်းရင်းသားများကိုလည်းပူးပေါင်းကာ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံးအကောင်ထည်ဖော်ပေးသင့်ကြောင်းလည်း တောင်းဆို ထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်နီးပါးထိရှိလာနေပြီး တိုက်ပွဲအကျိုးဆက်အနေဖြင့် အရပ်သားထိခိုက်သေဆုံးမှုများ၊ သံသယဖြင့်မတရားဖမ်းဆီးခံရမှုများ အများအပြားရှိနေသည်။

DMG ကကောက်ယူရရှိထားသည့်စာရင်းအရ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လကနေ နိုဝင်ဘာလ ၆ ရက်နေ့အထိ သေဆုံးသူ (၅၂)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၁၄၁)ဦးနှင့် ဖမ်းဆီးခံရသူ (၉၃)ဦးအထိရှိနေသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို တရားဥပဒေအရဆောင်ရွက်ပေးရန် အတွက်လည်း ပြည်တွင်း၊ပြည်ပ၊ နိုင်ငံတကာလူမှုအဖွဲ့အစည်းများက တောင်းဆိုထားကြသည်။

ဗီဒီယိုများ