ရခိုင်ကမ်းရိုးတန်းမှာ ငါးသယံဇာတတည်ရှိမှု အနိမ့်ဆုံးဖြစ်လာပြီး အချိန်မီထိန်းသိမ်းရန်လိုအပ်

မြန်မာနိုင်ငံတွင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း အဓိကလုပ်ကိုင်ရာ ကမ်းရိုးတန်းဒေသသုံးခုရှိသည့်အနက် ရခိုင်ကမ်းရိုးတန်းဒေသမှာ ငါးသယံဇာတတည်ရှိမှု အနိမ့်ဆုံးအခြေနေတွင် ရှိလာသောကြောင့် အချိန်မီထိန်းသိမ်းရန် လိုအပ်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

By သီဟ 21 Nov 2020

သီဟ | DMG
နိုဝင်ဘာ ၂၁ ၊ စစ်တွေ

မြန်မာနိုင်ငံတွင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း အဓိကလုပ်ကိုင်ရာ ကမ်းရိုးတန်းဒေသသုံးခုရှိသည့်အနက် ရခိုင်ကမ်းရိုးတန်းဒေသမှာ ငါးသယံဇာတတည်ရှိမှု အနိမ့်ဆုံးအခြေနေတွင် ရှိလာသောကြောင့် အချိန်မီထိန်းသိမ်းရန် လိုအပ်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။

ကွင်းဆင်းစစ်ဆေး လေ့လာချက်များအရ လက်ရှိအခြေနေတွင် ရခိုင်ကမ်းရိုးတန်းဒေသ၏ ငါးသယံဇာတ တည်ရှိမှုမှာ အခြားကမ်းရိုးတန်းဒေသများ၏ ငါးသယံဇာတတည်ရှိမှုထက် ၄၀ရာခိုင်နှုန်းခန့် လျော့နည်းနေပြီ ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းသိန်းက DMGသို့ ပြောသည်။

“ပြီးခဲ့တဲ့ ၂၀၁၂၊၂၀၁၅၊၂၀၁၈ ခုနှစ်တွေမှာ လေ့လာခဲ့တဲ့ လေ့လာချက်တွေအရ အခြား ကမ်းရိုးတန်းဒေသတွေမှာ ရေပေါ်ရေအောက်ငါး ပိဿာချိန် ၁၀ ရတယ်ဆိုရင်  ရခိုင်မှာက ၆ ပိဿာလောက်ပဲ ရတော့တယ်။ အခြား ကမ်းရိုးတန်းတွေနဲ့ယှဉ်ရင် ရခိုင်ကမ်းရိုးတန်းက ငါးသယံဇာတတည်ရှိမှု အနိမ့်ဆုံးအခြေနေကို ရောက်နေပြီ။ ဒါတွေကို ပြည်နယ်အစိုးရအနေနဲ့ စီမံချက်တွေ သေသေချာချာရေးဆွဲပြီး လုပ်ဆောင်သင့်နေပြီလို့တော့  ကျွန်တော့်အနေနဲ့ ထင်ပါတယ်”ဟု သူကဆိုသည်။

ပြီးခဲ့သည့် ၁၉၉၀ ခုနှစ်များက ရခိုင်ဒေသတွင် ဒီရေတောများကို ခုတ်ထွင်ကာ ပုဇွန်ကန်များအလွန်အကျွံ ပြုလုပ်ခြင်း၊ဆားထုတ်လုပ်ခြင်းနှင့် ကမ်းနီးငါးဖမ်းဧရိယာတွင် ဒရွတ်တိုက်ငါးဖမ်းစက်လှေငယ်များဖြင့် ငါးဖမ်းဆီးခြင်းတို့ကြောင့် ငါးသားပေါက်သည့် နေရာများပျက်စီးကာ ယခုကဲ့သို့ ငါးသယံဇာတ ရှားပါးလာရခြင်းဖြစ်ကြောင်း ဒေါက်တာထွန်းသိန်းက ရှင်းပြသည်။

“ရခိုင်ကမ်းရိုးတန်းဧရိယာဟာ သဘာဝအရ အရမ်းကောင်းတဲ့နေရာဖြစ်ပေမယ့် လူတွေက မဆင်မခြင် လုပ်လိုက်ကြတော့ ဖြစ်ဖြစ်ချင်းမှာ ဘာမှမသိသာခဲ့ပေမယ့် အခုဆိုရင် ငါးသယံဇာတတွေ ရှားပါးလာနေပြီ။ ဒရွတ်တိုက်ငါးဖမ်းစက်လှေလေးတွေဆိုရင် အခုထိ ဆွဲနေတာတွေ ရှိနေတုန်းလို့ကြားတယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ငါးများဖမ်းဆီးရမိမှုမှာ ယခင်ထက် ပိုမိုလျော့နည်းလာနေပြီး ယခင်က ပေါပေါများများ ဖမ်းဆီးရမိခဲ့သော ငါးမျိုးစိတ်များမှာလည်း ယခုအခါ  ရှားပါးလာပြီးဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်မှ ရေလုပ်ငန်းလုပ်ကိုင်နေသူ ကိုမောင်မောင်သန်းကဆိုသည်။

“အရင်တုန်းက ငါးလက်ခွါ၊ငါးဆပ်ဖာတွေဆိုရင် အရင်တုန်းက တစ်လမှာ အကောင်ရေ ၁၀အထက် ရကြတယ်။ အခုဆိုရင် တစ်လမှာတစ်ကောင်ရဖို့က မသေချာတော့ဘူး”ဟု သူက ပြောသည်။

ထို့အပြင် ရမ်းဗြဲကျွန်းမှ ရေလုပ်ငန်းလုပ်ကိုင်သူ ဒေသခံတစ်ဦးကလည်း ယခင်က ငါးလိပ်စွန်များကို ပေါပေါများများ ဖမ်းဆီးရမိခဲ့သော်လည်း ယခုအခါ တစ်ပတ်လျင်တစ်ကောင် ဖမ်းဆီးရမိရန်ပင် မလွယ်ကူတော့ကြောင်း ဆိုသည်။

ရခိုင်ပြည်နယ်တွင် ငါးသယံဇာတ ပြန်လည်တိုးတက်လာရေးအတွက် ငါးသားပေါက်ရာနေရာများဖြစ်သည့် ကမ်းနီးငါးဖမ်း ဧရိယာများကို အချိန်မီထိမ်းသိမ်းမှုများ ပြုလုပ်နိုင်ရန်အတွက် လူထုပါဝင်သော ကမ်းနီးပူးပေါင်းစီမံခန့်ခွဲမှု ဧရိယာများ ထူထောင်ကာ ထိန်းသိမ်းမှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနီုင်ငံအစီအစဉ် ဒုတိယညွှန်ကြားရေးမှူး - Deputy Country Program Director) ဦးကျော်သင်းလတ်က ပြောသည်။ 

“လက်ရှိ ကျိန္တလီဒေသကို ကမ်းနီးပူးပေါင်းစီမံခန့်ခွဲမှု ဧရိယာအဖြစ် ငါးလုပ်ငန်းဦးစီးဌာနက ကြေညာပေးထားတယ်။ စင်ကာပူတစ်နိုင်ငံစာလောက် ကျယ်တယ်။ အဲဒီမှာနေတဲ့ ဒေသခံတွေ အဖွဲ့ဖွဲ့ပေးထားပြီးတော့ ဘယ်နေရာတော့ ငါးမဖမ်းရနေရာထားမယ်၊ ဘယ်နေရာကတော့ ရာသီအလိုက် ငါးမဖမ်းရနေရာထားမယ်။ ကမ်းဝေးငါးဖမ်းသမားတွေ မဝင်အောင် ဘယ်လိုကာကွယ်မယ် ဆိုပြီးတော့ စလုပ်နေတာ ရှိပါတယ်”ဟု သူကရှင်းပြသည်။

ပြီးခဲ့သည့် ၂၀၁၃၊၂၀၁၅၊၂၀၁၈ ခုနှစ်များတွင် စစ်တမ်းကောက်ယူမှုများအရ မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ကျော်ခန့်နှင့် နှိုင်းယှဉ်ပါက ရေပေါ်ငါးသယံဇာတ ၉၀ ရာခိုင်နှုန်း၊ ရေအောက်ငါးသယံဇာတ ၆၀ရာခိုင်နှုန်းခန့် ကျဆင်းလာပြီဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ