မြောက်ဦးမြို့တွင် ကိုဗစ်ရောဂါလက္ခခံစားနေရပြီး အိမ်တွင်းကြိတ်ကုနေသူများ မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုမဖြစ်စေရန် အိမ်တွင်းကျန်းမာရေးစောင့်ရှောက်မှုပေးမည်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ကိုဗစ်ရောဂါလဏ္ခဏာပြပြီး မိမိနေအိမ်တွင်း ကြိတ်ကုနေသူများ မလိုအပ်ဘဲအသက်ဆုံးရှုံးမှုမဖြစ်စေရန်အတွက် ကျန်းမာရေးဌာနမှဦးဆောင်ပြီး အိမ်တွင်းကျန်းမာရေးစောင့်ရှောက်မှုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

21 Jul 2021

DMG ၊ ဇူလိုင် ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ကိုဗစ်ရောဂါလဏ္ခဏာပြပြီး မိမိနေအိမ်တွင်း ကြိတ်ကုနေသူများ မလိုအပ်ဘဲအသက်ဆုံးရှုံးမှုမဖြစ်စေရန်အတွက် ကျန်းမာရေးဌာနမှဦးဆောင်ပြီး အိမ်တွင်းကျန်းမာရေးစောင့်ရှောက်မှုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့ပျောက်ခြင်း၊ အရသာပျောက်ခြင်း၊ အသက်ရှူကြပ်ခြင်းစသည့် သိသာထင်ရှားသောလက္ခဏာများကို ခံစားနေရသူ အများအပြားရှိနေပြီး ၎င်းတို့မှာ ကျန်းမာရေးဌာနကိုအကြောင်းမကြားဘဲ မိမိနေအိမ်၌ ကြိတ်ကုခံစားနေသူများရှိနေသည်ဟု သိရသည်။

ယင်းကဲ့သို့ ရောဂါလက္ခဏာခံစားရပြီး ကြိတ်ကုနေသူများအနေဖြင့် ရောဂါအပြင်းအထန်ဖြစ်မှသာ ဆေးရုံရောက်ရှိလာခြင်းကြောင့် မလိုလားအပ်ပဲ အသက်ဆုံးရှုံးမှုများမရှိစေရန် ကျန်းမာရေးဌာနနှင့် မြောက်ဦးဂရုဏာလှိုင်းသွေးလှူရှင်အသင်းတို့ပူးပေါင်းပြီး အိမ်တွင်းကျန်းမာရေးစောင့်ရှောက်မှုများပေးသွားမည်ဟု မြောက်ဦးမြို့နယ် ကျန်းမာရေးမှူး ဦးမျိုးလှိုင်ကပြောသည်။

"အဓိကတော့ မလိုအပ်ပဲ အသက်မဆုံးရှုံးစေချင်လို့ပါ။ ဆေးရုံလည်းမသွားချင်ဘူးဆိုလို့ရှိရင် သူတို့က ကျနော်တို့ကို ဆက်သွယ်လာရင် နေအိမ်ကိုသွားပြီး အောက်စီဂျင်တိုင်ပေးထားမယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ် လိုအပ်တာတွေကိုလုပ်ဆောင်ပေးမယ်။ အောက်စီဂျင်လျော့ကျလို့ရှိရင် ဆေးရုံကိုခေါ်မယ်။ ဆေးရုံခေါ်ဖို့မလိုအပ်လို့ရှိရင် အိမ်မှာဘဲနေ။ ဒါမှသာ ဆေးရုံမှာလည်း ဝန်ထုပ်ဝန်ပိုးမဖြစ်တော့သလို သူတို့အနေနဲ့လည်း ကိုယ့်အိမ်မှာကိုယ်နေပြီး ဆေးကုသခံလို့ရတယ်ပေါ့နော်" ဟု ၎င်းကဆိုသည်။

ကပ်ရောဂါဗေဒ၏ တွက်ဆမှုအရ မြောက်ဦးမြို့နယ်၌ လူတစ်ရာလျှင် ၂၀ ရာခိုင်နှုန်းမှာ ကိုဗစ်ပိုးကူးစက်ခံရမှုရှိနိုင်သည့်အတွက် ကျန်းမာရေးဌာနမှသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ပြီး ကိုဗစ်ရောဂါပြန့်ပွားခြင်းမှ ကာကွယ်ရန်လိုအပ်သည်ဟုလည်း ပြောဆိုကြသည်။

လတ်တလောအနေထားတွင် မြောက်ဦးမြို့တစ်ခုတည်း၌သာ လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ယင်းလုပ်ဆောင်ချက်များ အောင်မြင်ပါက တခြားကျေးရွာများကိုပါ vollenter များမှတဆင့် သွားရောက်ပြီး အိမ်တွင်းကျန်းမာရေးစောင့်ရှောက်မှုများပေးသွားမည်ဖြစ်ကြောင်း မြောက်ဦးဂရုဏာလှိုင်းသွေးလှူရှင်များအသင်းမှ အတွင်းရေးမှူး ဦးခင်ကျော်လှိုင်ကပြောသည်။

"လောလောဆယ်တော့ မြို့ပေါ်လောက်ပဲလုပ်ပေးသွားမယ်။ နောက်ဆိုရင် နယ်ဖက်တွေပါ လုပ်ပေးသွားမှာပါ။ ကျနော်တို့ကို ၂၄ နာရီဆက်သွယ်လာလို့ရပါတယ်" ဟု ၎င်းကဆိုသည်။

ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ရခိုင်ပြည်အတွင်း ကိုဗစ်ရောဂါဆက်လက်မပြန့်ပွားစေရန်အတွက် မိမိနေအိမ်တွင်နေထိုင်ကြရန် stay at home ကာလကို ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ ရက်သတ္တပတ် ၂ ပတ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

မြောက်ဦးမြို့နယ်တွင် ဇူလိုင် ၂၀ ရက်နေ့ထိ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူစုစုပေါင်း ၄၀ ဦးနှင့် သေဆုံးသူ ၂ ဦးထိ ရှိနေပြီဖြစ်သည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ဇူလိုင် ၂၀ ရက်နေ့ထိ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၁၇၀၂ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၆၈၃ ဦးနှင့် သေဆုံးသူ ၆၆ ဦးထိ ရှိလာနေပြီဖြစ်သည်။

ဗီဒီယိုများ