မြေပုံမြို့နယ်တွင် တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန်၊ တပ်မတော်မှ ရဟတ်ယာဉ်သုံးတိုက်ခိုက်

“တိုက်ပွဲဖြစ်နေတာက ၃ ရက်လောက်ရှိပြီ။ ဒီနေ့ လေယာဉ်တွေနဲ့ ပစ်ကြတယ်။ ရွာရှေ့ဘက် ၃ မိုင်လောက်မှာ ပစ်နေကြတာပါ။ ရွာထက်ကဝဲပြီးတော့ တောင်ကုန်းတွေဘက်ကို ပစ်နေတာ။ ရွာသားတွေက ပစ်ခတ်သံတွေ ကြားနေရတဲ့အတွက် ကြောက်လန့်ပြီး ဘေးပတ်ဝန်းကျင်ရွာတွေကို ပြေးသွားကြတယ်”

25 Sep 2019

ခိုင်ရိုးလ | DMG

စက်တင်ဘာ ၂၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ယိုးဆနွင်းကျေးရွာအရှေ့ဘက် တောင်တန်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား ယခုရက်ပိုင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး ယနေ့တိုက်ပွဲတွင် တပ်မတော်မှ ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

“တိုက်ပွဲဖြစ်နေတာက ၃ ရက်လောက်ရှိပြီ။ ဒီနေ့ လေယာဉ်တွေနဲ့ ပစ်ကြတယ်။ ရွာရှေ့ဘက် ၃ မိုင်လောက်မှာ ပစ်နေကြတာပါ။ ရွာထက်ကဝဲပြီးတော့ တောင်ကုန်းတွေဘက်ကို ပစ်နေတာ။ ရွာသားတွေက ပစ်ခတ်သံတွေ ကြားနေရတဲ့အတွက် ကြောက်လန့်ပြီး ဘေးပတ်ဝန်းကျင်ရွာတွေကို ပြေးသွားကြတယ်” ဟု အမည်မဖော်လိုသူ ယိုးဆနွင်းကျေးရွာသားတစ်ဦးကပြောသည်။

မြေပုံမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုအား တပ်မတော်နှင့် AA တို့ နှစ်ဖက်လုံးမှ မှန်ကန်ကြောင်း အတည်ပြုပြောကြားကြသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက လိုအပ်ပါက ရဟတ်ယာဉ်သုံးတိုက်ခိုက်မည် ဖြစ်ကြောင်း ပြောသည်။

“တိုက်ပွဲဖြစ်တာကတော့ ဟုတ်တယ်။ ယိုးဆနွင်းအရှေ့ဘက်နားမှာ။ ရဟတ်ယာဉ်သုံးပြီး တိုက်တယ်ဆိုတာ ကတော့ လိုရင်တော့သုံးမှာပေါ့ဗျာ။ ဗုံးတောင်ကြဲပစ်မှာ။ အဲဒီအနားမှာ တိုက်ပွဲဖြစ်တာ ၂ ရက်ရှိပြီ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောသည်။

ယင်းသို့ တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခြင်းသည် တိုက်ပွဲအတွင်း အကျအဆုံးများပြီး စစ်မြေပြင်တွင်ပိတ်မိနေ၍ စစ်ကူလာရောက်ခြင်းဖြစ်ကြောင်း AA ပြောခွင့်ရ ခိုင်သုခက ဆိုသည်။

“အရင်နေ့တွေက တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာ ယိုးဆနွင်းကျေးရွာအနီးတစ်ဝိုက် တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်နေ တာရှိတယ်။ ဒီနေ့ နေ့လည် ၁၂ နာရီလောက်က ဗမာ့စစ်တပ်ဘက်က ရဟတ်ယာဉ် ၂ စီးနဲ့ ဗုံးကြဲပစ်ခတ်မှု လုပ်ခဲ့တာတွေရှိတယ်။ တိုက်ပွဲကတော့ ဖြစ်နေတာပဲ။ ထိခိုက်ကျဆုံးမူ အတိအကျကိုတော့မသိသေးဘူး” ဟု ခိုင်သုခက ဆိုသည်။

ယနေ့တိုက်ပွဲဖြစ်ပွားနေသည့် အသေးစိတ်အခြေအနေကို မသိရသေးကြောင်း တပ်မတော်နှင့် AA တို့ နှစ်ဖက် လုံးမှ ပြောဆိုကြသည်။

စက်တင်ဘာလ ၂၂ ရက်နေ့က မြေပုံမြို့နယ်တိုက်ပွဲတွင် တောင်ကြီးရွာအရှေ့မြောက် ၁၅ ကီလိုမီတာ အကွာရှိ တပ်မတော် နပခလက်အောက်ခံ အမြောက်တပ်(၃၇၃)တပ်ရင်း၏ ယာယီလက်နက်ကြီးစခန်းအား အေအေမှ သုံးနာရီကြာတိုက်ခိုက်ပြီး စခန်းအားသိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သို့သော်တပ်မတော်ဘက်မှ တိုက်ပွဲဖြစ်ပွားဖြစ်ပွားသည်မှာ မှန်ကန်သော်လည်း တပ်စခန်းကိုသိမ်းပိုက်ခံရ ခြင်းမှာ မဟုတ်ကြောင်းပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့၏ တိုက်ပွဲဖြစ်ပွားနေမှုသည် ၉ လကျော်ကြာမြင့်လာခဲ့ပြီး တိုက်ပွဲများသည် မြေပုံမြို့နယ်အထိ ပြန့်နှံ့ပြင်းထန်လာနေသည်။

ဗီဒီယိုများ