အင်တာနက်ပြန်ဖွင့်ပေးရန် ရခိုင်မြို့နယ်သုံးခုမှာ ဆန္ဒဖော်ထုတ်

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက် အမြန်ဆုံးပြန်ဖွင့်ပေးရန်အတွက် စစ်တွေ၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့တွင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်တို့ ပူးပေါင်းပြီး ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ နေ့လယ်ပိုင်းက လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

By သီဟ 22 Feb 2020

သီဟ | DMG
ဖေဖော်ဝါရီ ၂၂၊ စစ်တွေ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက် အမြန်ဆုံးပြန်ဖွင့်ပေးရန်အတွက် စစ်တွေ၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့တွင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်တို့ ပူးပေါင်းပြီး ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ နေ့လယ်ပိုင်းက လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အင်တာနက်ဖြတ်တောက်ခံရမှုကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူမှုစီးပွားနစ်နာမှုများကို များစွာထိခိုက်စေသဖြင့် ဆန္ဒဖော်ထုတ်ရခြင်းဟု ဆိုကြသည်။ ယခုကဲ့သို့ အင်တာနက်ဖြတ်တောက်မှုမှာ လူ့အခွင့်အရေးချိုးဖောက်ရာ ရောက်သကဲ့သို့ သတင်းအမှောင်ချမှုလည်း ဖြစ်သည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက ပြောသည်။

“ပြီးခဲ့တဲ့နေ့က သမ္မတအိမ်တော်သတင်းစာရှင်းပွဲမှာ အခုလို အင်တာနက်ဖြတ်တောက်တာက အစိုးရကောင်းဖို့အတွက် လုပ်ရတာဆိုပြီးတော့ ပြောသွားတာတွေရှိတယ်။ ဒါဆိုရင် ပြည်သူတွေကောင်းကျိုးအတွက် ကျတော့ရော ဘာလုပ်ပေးမှာလဲ။ ဘာလဲ ကျနော်တို့က အုပ်ချုပ်ခံလူတန်းစားမို့လို့ ခုလိုတွေဖြစ်နေရတာလား” ဟု ၎င်းက မေးခွန်းထုတ်သည်။

ရခိုင်နှင့်ချင်းမှာ အင်တာနက်ဖြတ်တောက်ထားမှုမှာ ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှုအဖြစ် စာရင်းဝင်သွားပြီဖြစ်ကာ လူပေါင်း(၈)သိန်းကျော် နစ်နာရှုံးဆုံးမှုများနှင့် ကြုံတွေ့နေရသည်ဟု ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းဘာချေက ပြောသည်။ 

“အခုလို အင်တာနက်အဖြတ်ခံရတဲ့ လူတွေရဲ့ ပညာရေး၊လူမှုရေး၊ကျန်းမာရေး၊ စတာတွေ အများကြီးထိခိုက်မှုတွေရှိနေတယ်။ ဒါကိုအစိုးရက မသိတာမဟုတ်ဘူး။ သိသိကြီးနဲ့ လုပ်နေတာ။ သူတို့လုပ်တာတွေ သတင်းအမှောင်ချဖို့အတွက် အခုလိုမျိုးတွေလုပ်နေတာ” ဟု ၎င်းကဆိုသည်။

ဆန္ဒဖော်ထုတ်ရာတွင် ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှု ချက်ချင်းရပ်၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေး၊ ပြည်တွင်း ပြည်ပ မီဒီယာများ လွတ်လပ်စွာသတင်းရယူနိုင်ရေး၊ အသက်န္တရာယ်လုံခြုံစွာ ပညာသင်ကြားနိုင်ရေး စသည့်ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယနေ့ပြုလုပ်သော ဆန္ဒဖော်ထုတ်ပွဲတွင် စစ်တွေတွင် လူဦးရေ တစ်ရာကျော်ခန့်၊ တောင်ကုတ်တွင် တစ်ရာကျော်ခန့်နှင့် ကျောက်ဖြူတွင်လည်း လူဦးရေတစ်ရာကျော်ခန့် ပါဝင်ဝင်ခဲ့ကြသည်။

ယခုကဲ့သို့ အင်တာနက်ဖြတ်တောက်ထားခြင်းမှာ နိုင်ငံတော်ကာကွယ်ရေးအတွက် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး တိုင်းပြည်အတွက်အကျိုးရှိသည်ဟု ဖေဖော်ဝါရီလ ၂၁ ရက်နေ့က သမ္မတအိမ်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောခဲ့သည်။

“ဒါသည်လည်း အမြဲထာဝရပိတ်ထားမှာမဟုတ်ဘူး။ ဖွင့်သင့် ဖွင့်ထိုက်တဲ့အချိန်မှာ ပြန်ဖွင့်မှာဖြစ်တယ်။ အကန့်အသတ်တော့ရှိတယ်။ ဒါပေမယ့် လုံခြုံရေးပိုင်းဆိုင်ရာ လိုအပ်ချက်အရ လုပ်ဆောင်ရတဲ့အခါတွေတော့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၁) ရက်နေ့က အင်တာနက်ဖြတ်တောက်ခဲ့သည်။ စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝမြို့နယ် တို့ကို ပြန်ဖွင့်ပေးခဲ့ပြီး  ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ပြန်ပိတ်ခဲ့သည်။ 

လက်ရှိအဆိုပါမြို့နယ်များတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ဘေးရှောင်(၁)သိန်းကျော်မှာလည်း စားဝတ်နေရေးအခက်အခဲရှိနေသည်။

အင်တာနက်ပြန်ဖွင့်ပေးရန်အတွက် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာသံရုံးများကလည်း  တောင်းဆိုနေကြသည်။

ဗီဒီယိုများ