မြောက်ဦးတွင် EPC မီးပြတ်နေသည့်အတွက် အောက်ဆီဂျင်စက်ရပ်တန့်ထားရပြီး လူနာများအတွက် စိုးရိမ်နေရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသည့်အတွက် နန်းရိပ်ဂရုဏာအောက်ဆီဂျင်စက်ရုံမှ အောက်စီဂျင် ထုတ်လုပ်မှု ရပ်တန့်ထားရကြောင်း တာဝန်ရှိသူများထံမှသိရသည်။

04 Aug 2021

photo - မြောက်ဦးနန်းရိပ်ဂရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့

DMG၊ သြဂုတ် ၄

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသည့်အတွက် နန်းရိပ်ဂရုဏာအောက်ဆီဂျင်စက်ရုံမှ အောက်စီဂျင် ထုတ်လုပ်မှု ရပ်တန့်ထားရကြောင်း တာဝန်ရှိသူများထံမှသိရသည်။

မြောက်ဦးမြို့တွင် သြဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှစပြီး လျှပ်စစ်မီးပြတ်တောက်သွားခြင်းဖြစ်ပြီး သြဂုတ် ၄ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ထိ မီးပြန်လည်မရရှိသေးသည့်အတွက် အောက်စီဂျင်ထုတ်လုပ်မှုကို ရပ်တန့်ထားရကြောင်း မြောက်ဦး နန်းရိပ်ဂရုဏာအောက်ဆီဂျင်အဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးသန်းထွန်းက ပြောသည်။

“စက်ကအခုချိန်ထိ ရပ်ထားရတယ်။ မနေ့က ၆ နာရီလောက်ကတည်းက မီးပြတ်သွားတာ။ မီးစက်ငှားပြီးတော့ စက်နှိုးရင်လည်း အားလိုက်မမီလို့အဆင်မပြေဘူး။ ကျနော်တို့မှာ မီးစက်ဝယ်ထားတာလည်း မရောက်သေးဘူး။ ဒီနေ့မဟုတ်ရင် မနက်လောက်မှပဲရမှာပါ။ ဒီနေ့ ၄ နာရီလောက် မီးရမယ်လို့တော့ပြောကြတယ်။ ဒါပေမယ့်လည်း မသေချာသေးဘူး“ ဟု ၎င်းကဆိုသည်။

မြောက်ဦးမြို့တွင် ဆက်လက်ပြီး မီးပြန်လည်မရရှိပါက အောက်ဆီဂျင် အသုံးပြုနေရသည့် ကိုဗစ်လူနာများနှင့် တခြားအရေး ပေါ် လူနာများတွက် အောက်ဆီဂျင်ပြတ်လပ်နိုင်ပြီး စိုးရိမ်စရာဖြစ်လာနိုင်သည်ဟုလည်း ဦးသန်းထွန်းဆိုသည်။

မြောက်ဦးဆေးရုံတွင် အရေးပေါ်လူနာများ အောက်ဆီဂျင်အသုံးပြုနေရသည့်အတွက် အောက်ဆီဂျင် ဆက်လက်အသုံးပြုနိုင်ရန်အတွက် အရေးပေါ်အဖြစ် စစ်တွေမြို့မှ အောက်ဆီဂျင်အိုး ၁၀ လုံးကို အကူအညီတောင်းယူထားရကြောင်း သိရသည်။

မြောက်ဦးနန်းရိပ်ဂရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့တွင် အောက်ဆီဂျင်စက်ပျက်နေသည်ဟုဆိုသော အွန်လိုင်းလူမှုကွန်ယက်စာမျက်နှာတွင် ရေးသားပြောဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူကပြောသည်။

ဗီဒီယိုများ