ရခိုင်မှမြို့နယ်အချို့တွင် 4G အင်တာနက်ပြန်ဖွင့်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့်အဆိုကို ပြည်နယ်လွှတ်တော်က အတည်ပြု

ရခိုင်ပြည်နယ်မှ မြို့နယ်အချို့တွင် အင်တာနက်ဖြတ်တောက်ခံထားရမှုကြောင့် ယင်းဒေသမှ လူဦးရေ ခြောက်သိန်းကျော်မှာ သတင်းအချက်အလက်သိရှိပိုင်ခွင့်ဆုံးရှုံးနေကြရပြီး သတင်းကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် မြန်နှုန်းမြင့် 4G အင်တာနက်ပြန်ဖွင့်ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့် အဆိုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့သည်။

By နှင်းနွယ် 20 Jan 2021

နှင်းနွယ် | DMG
ဇန်နဝါရီ ၂၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်မှ မြို့နယ်အချို့တွင် အင်တာနက်ဖြတ်တောက်ခံထားရမှုကြောင့် ယင်းဒေသမှ လူဦးရေ ခြောက်သိန်းကျော်မှာ သတင်းအချက်အလက်သိရှိပိုင်ခွင့်ဆုံးရှုံးနေကြရပြီး သတင်းကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် မြန်နှုန်းမြင့် 4G အင်တာနက်ပြန်ဖွင့်ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့် အဆိုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့သည်။

အင်တာနက်ပိတ်ထားခြင်းမှာ ဒီမိုကရေစီအစိုးရတစ်ရပ်အနေဖြင့် ရခိုင်ပြည်သူများအား အမုန်းတရားထားကာ မြန်မာ့လူ့အဖွဲ့အစည်း၏အပြင်ဖက်သို့ တွန်းပို့သလိုဖြစ်နေကြောင်း အဆိုရှင်ဖြစ်သည့် ကျောက်တော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောသည်။

မင်းပြားမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က လက်ရှိဒီမိုကရေစီအစိုးရသည် ပြည်သူတင်မြှောက်ထားသည့်အစိုးရတစ်ရပ်ဖြစ်သဖြင့် ပြည်သူများ၏ဆန္ဒကို အလေးထားဆောင်ရွက် ပေးသည့်အနေဖြင့် အင်တာနက် 4G ပြန်ဖွင့်ပေးရန်လိုအပ်ကြောင်း အဆိုကို ထောက်ခံဆွေးနွေးခဲ့သည်။

“ဒီမိုကရေစီဆိုတဲ့အရာကို သိရုံ၊ တတ်ရုံ၊ ကြွေးကြော်နေရုံလောက်နဲ့ ဒီမိုကရေစီဖြစ်လာမှာမဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့လုပ်ထုံး၊လုပ်နည်းနဲ့ စံချိန်စံညွှန်းတွေကို ပြည့်ပြည့်ဝဝ အကောင်ထည်ဖော်ဆောင်ရွက်မှသာလျှင် ဒီမိုကရေစီအစိုးရ ဖြစ်လာမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး လွှတ်တော်၌ ကန့်ကွက်သူမရှိသဖြင့် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အဆိုကို အတည်ပြုခဲ့သည်။

ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက “မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ရှိပေမယ့် အင်တာနက်ဖြတ်တောက်တာတွေ၊ စစ်ပွဲကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံ ရတာတွေကို ဘာတစ်ခုမှမပြောဘဲ ရင်ငုံနှုတ်ပိတ်နေတာက ကော်မရှင်ကိုယ်၌က လူ့အခွင့်အရေး ချိုးဖောက်မှုကို အားပေးအားမြှောက်ပြုသလိုဖြစ်နေပါတယ်’’ ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်နှင့် ချင်းပြည်နယ်၊ပလက်ဝမြို့နယ်တို့တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှစတင်ကာ အစိုးရက ကြိုတင်အသိမပေးဘဲ အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သည်။

ထို့နောက် ၂၀၂၀ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် မောင်တောမြို့နယ်အား အင်တာနက်ပြန်လည်ဖွင့်ပေးခဲ့ပြီး ကျန်မြို့နယ်များကိုမူ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့တွင် မြန်နှုန်းနည်း 2G အင်တာနက်ကိုသာ ဖွင့်ပေးခဲ့သည်။

ဗီဒီယိုများ