ALP ဥက္ကဋ္ဌ ခိုင်မိုးလင်းကျဆုံးခြင်း ဝမ်းနည်းဖွယ်အခမ်းအနားကျင်းပ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဥက္ကဋ္ဌ ခိုင်မိုးလင်း ကျဆုံးခြင်း ဝမ်းနည်းဖွယ်အခမ်းအနားကို စစ်တွေမြို့၊ အိန္ဒိယ-ရခိုင်နယ်စပ်နှင့် ဘဂ်လားဒေ့ရှ်-ရခိုင် နယ်စပ်နေရာများတွင် ယနေ့ (ဇွန်လ ၄ ရက်) နံနက်ပိုင်းတွင်ပြုလုပ်ခဲ့ကြသည်။

04 Jun 2022

Photo Crd - ရခိုင်ပြည်လွတ်မြောက်ရေးပါတီ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန

DMG ၊ ဇွန် ၄

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဥက္ကဋ္ဌ ခိုင်မိုးလင်း ကျဆုံးခြင်း ဝမ်းနည်းဖွယ်အခမ်းအနားကို စစ်တွေမြို့၊ အိန္ဒိယ-ရခိုင်နယ်စပ်နှင့် ဘဂ်လားဒေ့ရှ်-ရခိုင် နယ်စပ်နေရာများတွင် ယနေ့ (ဇွန်လ ၄ ရက်) နံနက်ပိုင်းတွင်ပြုလုပ်ခဲ့ကြသည်။

ဥက္ကဋ္ဌ ခိုင်မိုးလင်းသည် ၁၉၇၇ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ယနေ့ဆိုလျှင် ၎င်းကွယ်လွန်သွားသည်မှာ ၄၅ နှစ်ကြာမြင့်သွားပြီဖြစ်သည်။

၎င်းကျဆုံးခြင်းနေ့ကိုကျင်းပရခြင်းမှာ ဥက္ကဋ္ဌကို အမြဲတမ်းအမှတ်ရစေရန်ရည်ရွယ်ပြီး ကျင်းပရခြင်းဟု ALP တွဲဖက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်းကပြောသည်။

ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက “တိုင်းပြည်နဲ့ လူမျိုးအတွက်စွန့်စားပြီး အနစ်နာခံသွားတဲ့ မိမိကိုယ့်မိမိ အဆုံးစီရင်သွားတဲ့ အာဇာနည်စိတ်ဓာတ်၊ အဲဒီအာဇာနည်စိတ်ဓာတ်ကို ရခိုင်တစ်ပြည်လုံးက အသိအမှတ်ပြုစေချင်တယ်။ ပြီးရင် ဥက္ကဋ္ဌကြီးထားခဲ့တဲ့ သန္ဓိဋ္ဌာန်တွေကို ရခိုင်ပြည်သူလူထုတစ်ရပ်လုံးရဲ့ရင်ထဲမှာ အဲဒီအငွေ့အသက်တွေ ထာဝစဉ်ရှင်သန်ပြီးခဲ့ရင် ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတစ်ရပ်လုံး မျှော်မှန်းနေတဲ့ ရည်မှန်းချက်ကိုရောက်ရှိစေဖို့အတွက် ဒီပွဲကိုကျင်းပရခြင်းဖြစ်တယ်"ဟုပြောသည်။

စစ်တွေတွင်ပြုလုပ်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့သူ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက ဥက္ကဋ္ဌတည်ထောင်ခဲ့သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီဆိုသည့်စကားလုံးနှင့်အညီ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် အဓိကဦးစားပေးလုပ်စေချင်ကြောင်း ပြောသည်။

“ကျဆုံးတဲ့နေ့အထိမ်းအမှတ်ကတော့ လုပ်သင့်လုပ်ထိုက်တယ်။ ရခိုင်ပြည်မှာ သူ့လိုပုဂ္ဂိုလ်တွေလည်းရှားတယ်။ ရန်သူဆီမှာ လက်မမြှောက်၊ ဒူးမထောက်ဘဲနဲ့ ကိုယ့်ဟာကိုယ်သတ်သေသွားတဲ့ အာဇာနည်တစ်ယောက်။ ခိုင်းမိုးလင်းရဲ့လမ်းစဉ် ၆ ချက်နဲ့အညီ တစိုက်မတ်မတ် ပါတီကလူတွေကိုလည်း အဲလိုပဲသွားစေချင်တယ်“ဟု ၎င်းကဆက်လက်ပြောသည်။

ဥက္ကဋ္ဌ ခိုင်မိုးလင်းသည် ကချင်ပြည်နယ်မှ ရခိုင်ပြည်သို့ တပ်ဖွဲ့ဝင်များနှင့်အတူ ဝင်ရောက်လာစဉ် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် မြန်မာစစ်တပ်၏ ဝိုင်းဝန်းပိတ်ဆို့မှုကိုခံရပြီး လက်နက်ချရန်ပြောကြားမှုခံခဲ့ရသည်။ သို့သော် လက်နက်မချဘဲ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်ဟု မှတ်တမ်းများအရသိရသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားပြီး လတ်တလောတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ အမြဲတက်ရောက်လျက်ရှိသည်။

ဗီဒီယိုများ