AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခယောက်ဖပါသုံးဦး စွဲချက်မတင်မီလွတ်မြောက်

ရက္ခိုင့်တပ်တော်(AA)ပြန်ကြားရေးတာဝန်ခံ ခိုင်သုခယောက်ဖအပါအဝင် သုံးဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားရာ သက်သေအထောက်အထား ခိုင်လုံမှုမရှိသဖြင့် အောက်တိုဘာလ ၂၁ ရက်နေ့ တွင် ကျောက်ဖြူခရိုင်တရားရုံးက တရားရှင်လွတ်ပေးရန် အမိန့်ချမှတ်လိုက်ကြောင်း ၎င်းတို့၏ရှေ့နေထံက သိရသည်။

22 Oct 2019

လွတ်မြောက်လာသည့် ဦးမောင်ဖြူသန်းနှင့် ဦးရဲဘော်သူကို တွေ့ရစဉ်။ ဓာတ်ပုံ-Wai Lu

ခိုင်မင်း(ကျောက်ဖြူ) | DMG

အောက်တိုဘာ ၂၂၊ ကျောက်ဖြူ

ရက္ခိုင့်တပ်တော်(AA)ပြန်ကြားရေးတာဝန်ခံ ခိုင်သုခယောက်ဖအပါအဝင် သုံးဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားရာ သက်သေအထောက်အထား ခိုင်လုံမှုမရှိသဖြင့် အောက်တိုဘာလ ၂၁ ရက်နေ့ တွင် ကျောက်ဖြူခရိုင်တရားရုံးက တရားရှင်လွတ်ပေးရန် အမိန့်ချမှတ်လိုက်ကြောင်း ၎င်းတို့၏ရှေ့နေထံက သိရသည်။

လွတ်မြောက်လာသူ သုံးဦးမှာ အမ်းမြို့နယ် အောင်သပြေကျေးရွာ(ခေါ်)ဓာတ်တော်ကျေးရွာမှ ခိုင်သုခ ယောက်ဖ ဦးမောင်ဖြူသန်း၊ ဦးရဲဘော်သူနှင့် ဦးစံအောင်ကျော်တို့ဖြစ်သည်။

အဆိုပါအမှုတွင် တရားလို ဖြစ်သူ သင်တန်းသွားနေသည့်အတွက် တရားရုံးကို လာရောက်ပြီး သက်သေထွက်ဆိုခြင်း မရှိခဲ့ပေ။ သို့သော် အမှုစစ်ရဲအရာရှိနှင့် တရားလိုပြသက်သေများကို စစ်ဆေးရာတွင် တရားစွဲဆိုနိုင်ရန် သက်သေအထောက်အထား မခိုင်လုံသောကြောင့် စွဲချက်မတင်မီ လွှတ်ပေးလိုက်ခြင်းဟု ၎င်းတို့၏ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးထိန်လင်းက DMG ကိုပြောသည်။

“သူတို့တွေလွတ်သွားတာက ဖမ်းဆီးတဲ့ အဖွဲ့အစည်းရယ်၊ တရားစွဲတဲ့ အဖွဲ့အစည်းရယ်၊ အရေးယူတဲ့ အဖွဲ့အစည်းတွေက လုံလောက်တဲ့သက်သေအထောက်အထားတွေ မတင်ပြနိုင်တဲ့အကြောင်းအရာတွေက အဓိကပေါ့။ ဒါကြောင့် တရားရုံးကလည်း အရေးယူနိုင်လောက်တဲ့ အနေအထားမရှိဘူးလေ။ ဒီလိုအရေးယူနိုင်တဲ့ အကြောင်းအရာမရှိဘူးဆိုရင်တော့ တရားရုံးအနေနဲ့ တရားဥပဒေစိုးမိုးရေးကို ဦးတည်ပြီးတော့ အရေးမယူနိုင်တဲ့လူကို အရေးမယူဘဲ လွှတ်ပေးရတာပေါ့”ဟု ၎င်းက ဆိုသည်။

၎င်းတို့သုံးဦးကို အောင်သပြေ(ခေါ်)ဓာတ်တော်ကျေးရွာအနီးတွင် တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းဆွဲခံရမှုနှင့် ပတ်သက်ပြီးဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ (၇)ရက်နေ့က အမ်းမြို့နယ် တပ်မ(၃၇၃)မှ ဗိုလ်မှူးတင်အောင်လင်းက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊၅၁(ဂ)တို့ဖြင့် အမ်းမြို့မရဲ စခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ လွတ်ပေးလိုက်ခြင်းသည် တရားစီရင်ရေးကို အာဏာပိုင်များက ဝင်ရောက်စွတ်ဖက်မှု မရှိခြင်းကို တွေ့ရပြီး တရားရုံးအနေဖြင့်လည်း တရားစီရင်ရေးကို မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်းကို တွေ့ရကြောင်း ရှေ့နေ ဦး ထိန်လင်းက သုံးသပ်သည်။

“တရားဥပဒေစိုးမိုးရေးကို အဓိက တရားစီရင်ရေးက ဦးထိပ်ပန်ဆင်တယ်လို့ပဲ ကျွန်တော်တို့က သုံးသပ်ရမှာပေါ့။ ဒီအမှုအပေါ်မှာ တစ်စုံတစ်ဦးတို့က တစ်စုံတစ်ရာ  ဖိအားပေးတာတို့ မရှိနိုင်ဘူး။ ဘာဖြစ်တယ်၊ ဘာလုပ်ပါတို့ မရှိနိုင်ဘူး။ ကျွန်တော်တို့တရားစီရင်ရေးကို အာဏာပိုင် အုပ်ချုပ်သူအဖွဲ့အစည်းကလည်း ဝင်ရောက်မစွက်ဖက်ဘူးဆိုတာကိုတော့ ကျွန်တော်တို့ ခန့်မှန်းတယ်ပေါ့ဗျာ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့က ထိုင်းနိုင်ငံက ပြန်လာသည့် AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ် နိုင်၏ ယောက်ဖဖြစ်သူ ကိုကျော်နိုင်နှင့် ၎င်းကိုလာရောက်ကြိုဆိုသည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီမ မမိုးနှင်းဖြူကို ရန်ကုန်လေဆိပ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ သို့သော် မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို အာဏာပိုင်များက တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော် ကိုလည်း AA ကို ထောက်ပံ့နေသည်ဟု စွပ်စွဲချက်ဖြင့် စင်္ကာပူအစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်စဉ် ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည်။

လက်ရှိတွင် AA နှင့်ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ (၂၁၇)ဦး ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)ထံက သိရသည်။

ဗီဒီယိုများ