မြောက်ဦးမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦးတွေ့ပြီးနောက် တစ်ရွာနှင့်တစ်ရွာ သွားလာမှုကိုကန့်သတ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် COVID-19 ပိုးတွေ့လူနာတစ်ဦးရှိနေသဖြင့် မြို့နယ်အတွင်း အသွား အလာများကို ကန့်သတ်ထားမှုများပြုလုပ်ထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများထံမှ သိရသည်။

By နှင်းနွယ် 21 Aug 2020

နှင်းနွယ် | DMG
သြဂုတ် ၂၁ ၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် COVID-19 ပိုးတွေ့လူနာတစ်ဦးရှိနေသဖြင့် မြို့နယ်အတွင်း အသွား အလာများကို ကန့်သတ်ထားမှုများပြုလုပ်ထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများထံမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့(သြဂုတ်လ ၂၁ ရက်) နံနက် (၈)နာရီအချိန်ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်အတွင်းမှ COVID-19 ပိုးတွေ့လူနာ ၁၀ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယင်းအထဲတွင် စစ်တွေမြို့နယ်မှ ၉ ဦးနှင့် မြောက်ဦးမြို့နယ်မှ တစ်ဦးတို့ဖြစ်သည်။

ယင်းကြောင့် မြောက်ဦးမြို့နယ်အတွင်းမှ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ရွာအဖွဲ့အစည်းများ ပူးပေါင်းကာ တစ်ရွာနှင့်တစ်ရွာ ဖြတ်သန်းသွားလာခွင့်အား ကန့်သတ်ထားကြောင်း မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“အခုလိုအသွားအလာကန့်သတ်ထားပေမယ့် တကယ်လို့ မသွားမဖြစ်သွားရမယ်ဆိုရင် နှာခေါင်းစည်းတွေ လုံလုံ ခြုံခြုံတပ်ပြီးမှသွားရမယ်ဆိုပြီး လုပ်ဆောင်ထားတာတွေရှိတယ်။ ဒီမှာက တခြားပြည်နယ်တွေလို အင်တာနက် လိုင်းလည်းမရတော့ ကိုဗစ်နဲ့ပတ်သက်ပြီးဘာမှမသိရဘူး။ စစ်ဘေးရှောင်တွေကလည်းများတော့ သူတို့ထဲကို ရောဂါပိုးရောက်သွားမှာကို စိုးရိမ်ရတယ်”ဟု ၎င်းကဆိုသည်။

ထို့ပြင် စစ်ဘေးရှောင်များမှာ COVID-19 နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များကို တစ်စုံတစ်ရာ မသိရှိသေးသဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာနများအနေဖြင့် စစ်ဘေးရှောင်စခန်းများသို့ အသိပညာပေးမှုများ သွားရောက်လုပ်ဆောင်ပေးသင့်ကြောင်း ဦးထွန်းသာစိန်က ဆက်ပြောသည်။

မြောက်ဦးမြို့နယ်အတွင်းတွင် စစ်ဘေးဒုက္ခသည် သောင်းနှင့်ချီရှိနေပြီး ဒုက္ခသည်စခန်းများတွင် အစုလိုက် အပြုံလိုက် ကျပ်တည်းစွာနေထိုင်နေကြရသည်။

မြောက်ဦးမြို့နယ်မှ ပိုးတွေ့လူနာအမှတ်-၄၀၈ နှင့် ထိတွေ့ခဲ့သူများမှာ မြို့ပေါ်နှင့်တခြားနေရာများတွင် ပျံ့နှံ့လျက်ရှိနေနိုင်သည့်အတွက် ဒေသခံများစိုးရိမ်နေကြသည်ဟု မြောက်ဦးမြို့ခံ ကိုဇော်ထွန်းက ပြောသည်။

“ကျွန်တော်တို့ဒေသခံတွေကတော့ အခုလိုကန့်သတ်ထားတာကိုကြိုက်တယ်။ လုံးဝထွက်မသွားရလေ ပိုကောင်းလေပဲ။ ဘာလို့လဲဆိုတော့ ဒီမှာက ရောဂါပိုးကူးစက်ခံရတဲ့သူတွေက ပိုများနိုင်ခြေရှိနေတယ်။ အခု ပိုးတွေ့တဲ့လူနာရဲ့ ခရီးသွားရာဇဝင်တွေ၊ ထိတွေ့ခဲ့သူတွေကို လိုက်စုံစမ်းဖို့ဆိုတာကလည်း အရမ်းနောက်ကျ သွားပြီ။ ဒါကြောင့် အခုလိုအချိန်မျိုးမှာ အသွားအလာကန့်သတ်ထားခြင်းသည်သာ ရောဂါကူးစက်မှုကို ကာကွယ်ဖို့အတွက် အဓိကအချက်ဖြစ်တယ်” ဟု ကိုဇော်ထွန်းကဆိုသည်။

လက်ရှိတွင် ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိသူ နေထိုင်ခဲ့သည့် မြို့ပေါ်ရပ်ကွက်အား (Lockdown)ချထားပြီး မြောက်ဦးမြို့သို့ဖြတ်သန်းသွားလာသည့် ကားများကိုလည်း ကန့်သတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် Covid-19 ပိုးတွေ့လူနာ ၃၅ ဦးထိရှိလာနေပြီး ယခင်ကပိုးတွေ့ရှိခဲ့သူ ၁၆ ဦးမှာ ရောဂါ ကောင်းမွန်သွားပြီဖြစ်ကာ လက်ရှိ ပိုးတွေ့ရှိထားသူ ၁၉ ဦးထဲမှ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ၁၈ ဦးနှင့် မြောက်ဦးပြည်သူ့ဆေးရုံကြီးတွင်တစ်ဦး အသီးသီးကုသမှုခံယူလျှက်ရှိသည်။

ဗီဒီယိုများ