ရွာပေါင်း ၃၀ ကျော် အားထားနေရသည့် တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ တစ်နှစ်ကျော်ကြာမြင့်

ကျေးရွာပေါင်း ၃၀ ကျော်မှဒေသခံများ ကျန်းမာရေးအတွက်အားထားနေရသည့် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ဆားချက်တိုက်နယ်ဆေးရုံ၌ ဆရာဝန်မရှိသဖြင့် ကျန်းမာရေးကိစ္စများ အခက်ကြုံနေရကြောင်း ဒေသခံများက ပြောသည်။

By အောင်ကောင်းဇော် 21 Jul 2020

အောင်ကောင်းဇော် | DMG
ဇူလိုင် ၂၁ ၊ မာန်အောင်

ကျေးရွာပေါင်း ၃၀ ကျော်မှဒေသခံများ ကျန်းမာရေးအတွက်အားထားနေရသည့် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ဆားချက်တိုက်နယ်ဆေးရုံ၌ ဆရာဝန်မရှိသဖြင့် ကျန်းမာရေးကိစ္စများ အခက်ကြုံနေရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါတိုက်နယ်ဆေးရုံတွင် တာဝန်ကျခဲ့သည့်ဆရာဝန်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လက ပြောင်းရွှေ့ သွားခဲ့ပြီးနောက် ဆရာဝန်မရှိတော့သည်မှာ တစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဆရာဝန်လိုအပ်နေသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံတွင် တင်ပြတောင်းဆိုခဲ့ကြသော်လည်း ထူးခြားမှုမရှိသည့်အတွက် ကျန်းမာရေးပိုင်းတွင် ဒေသခံများ အခက်အခဲ ဖြစ်နေရကြောင်း ဆားချက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းအောင်က DMG သို့ ပြောသည်။

“တိုက်နယ်တစ်ခုလုံးအတွက် ဒီဆေးရုံက တော်တော်အရေးပါတာ။ ကျေးရွာ ၃၀ ကျော်လောက်က ဒီဆေးရုံကို အသုံးပြုနေရတာ။ အခုကျန်းမာရေးက တော်တော်အခက်အခဲဖြစ်တယ်။ ပြီးတော့ ဆရာဝန် မရှိတဲ့အခါ ဆေးရုံဝန်ထမ်းတွေကလဲ အလုပ်အပေါ် လေးစားမှုမရှိတဲ့သဘောကြောင့် ရှိတဲ့ဆရာမတွေဆီမှာ မကုရဲဘူး ဖြစ်နေတယ် ” ဦးသိန်းထွန်းအောင်က ဆိုသည်။

မာန်အောင်မြို့နယ်မှ သစ်ပုံတိုက်နယ်ဆေးရုံနှင့် ဆားချက်တိုက်နယ်ဆေးရုံတို့တွင် မြို့ပေါ်ဆေးရုံမှ သူနာပြု ဆရာမများ အလှည့်ကျလာရောက်တာဝန်ထမ်းဆောင်ကြကြောင်း သိရသည်။

သို့သော် ဆားချက်တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသဖြင့် ကုသမှုအပိုင်းတွင် နိုင်နင်းမှုမရှိဟု ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးမှတ်ကြီးကပြောသည်။

“ဆေးရုံမှာတော့ လုပ်သားလေးယောက်ရှိတယ်။ ဆရာမတွေကတော့ ဆေးရုံကို အလှည့်ကျနဲ့ လာကြည့် ကြတယ်။ ဒါပေမယ့် သူတို့တွေက ဆေးကုသရေးအပိုင်းမှာ နိုင်နိုင်နင်းနင်းမလုပ်နိုင်ကြဘူး။ ဆရာဝန်ချပေးဖို့ ကိစ္စကိုလည်း ကျွန်တော်တို့ တော်တော်လေးကို တောင်းဆိုထားကြပြီးပြီ” ဟု ၎င်းကဆိုသည်။

ဆားချက်တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည့်အတွက် ဆင်းရဲသည့်ဒေသခံများမှာ မြို့ပေါ်ဆေးရုံသို့ သွားရောက်ရန် ငွေကြေးအခက်အခဲများရှိနေသည့်အပြင် မြို့ပေါ်ဆေးရုံနှင့်ခရီးဝေးလွန်းသည့်အတွက်လည်း ဆေးကုသမှုမခံလိုက်ရဘဲ လူနာသေဆုံးမှုများရှိကြောင်း ဆားချက်ကျေးရွာသားများက ပြောဆိုသည်။

အလားတူ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ စကုကျွန်းရှိ တိုက်နယ်ဆေးရုံနှင့် တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်းရှိ ငမောက်ချောင်းတိုက်နယ်ဆေးရုံတို့တွင် ဆရာဝန်မရှိသည်မှာ နှစ်ချီကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စကုကျွန်းတိုက်နယ်ဆေးရုံကို လူဦးရေ ၅ ထောင်ခန့်မှ ကျန်းမာရေးကိစ္စအတွက် အားထားနေရပြီး တောင်ကုတ် မြို့နယ်၊ ပန်းတင်ကျွန်း၊ ငမောက်ချောင်းတိုက်နယ်ဆေးရုံကို လူဦးရေ ၉ ထောင်ခန့် အားထားနေရခြင်း ဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ