မြေပုံမြို့နယ် ရွာသာယာကျေးရွာသား ၅ ဦးကို တပ်မတော်ကဖမ်းဆီးထား

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီအချိန်က တပ်မတော်သားများသည် ရွာသာယာကျေးရွာအတွင်းဝင်ရောက်ကာ နေအိမ်များကို ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။

By ဝင်းညွန့် 12 Nov 2019

ဝင်းညွန့် | DMG
နိုဝင်ဘာ ၁၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာမှနေအိမ်များကို တပ်မတော်ကဝင်ရောက်စစ်ဆေးကာ ကျေးရွာသား ၅ ဦးကို ဖမ်းဆီးထားကြောင်း ၎င်းကျေးရွာမှ ရွာသားများက ပြောသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီအချိန်က တပ်မတော်သားများသည် ရွာသာယာကျေးရွာအတွင်းဝင်ရောက်ကာ နေအိမ်များကို ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။

“စစ်သား ၁၀၀ လောက်ရွာထဲဝင်လာတယ်။ ပြီးတော့ ရွာအဝင်၊ အထွက်မရှိစေရဘူးဆိုပြီး ပိတ်တယ်။ ပိတ်ပြီးတော့ သံသယရှိတယ်ဆိုပြီးရင် အိမ်တွေကိုဝင်စစ်တယ်။ သံသယရှိတဲ့ လူ ၅ ယောက်ကိုတော့ အခုအချိန်ထိဖမ်းထားတယ် ” ဟု အမည်မဖော်ပြလိုသည့် ကျေးရွာသားက ယနေ့နံနက်ပိုင်းတွင် DMG ကို ပြောသည်။

တပ်မတော်က သံသယဖြင့်ဖမ်းဆီးထားသူ ၅ ဦးမှာ ဦးမောင်တင်ညွန့် ၄၁ နှစ်၊ ဦးမောင်လှမြင့် ၃၇ နှစ်၊ ဦးတင်မောင်ညွန့် ၃၇ နှစ်၊ ဦးခင်မောင်လေး ၄၈ နှစ်နှင့် ဦးတင်မြင့် ၄၆ နှစ်တို့ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးထားသူ ၅ ဦးကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း အဆိုပါအမည်မဖော်လိုသူက ဆက်ပြောသည်။

“ဒီနေ့ ၉ နာရီလောက်ကတော့ ရွာကထွက်သွားတယ်။ ပြီးတော့ ယောချောင်းတံတားနားမှာ စောင့်နေကြတယ်။ ကျနော်တို့ရွာမှာ ထွက်ပေါက်ဆိုလို့ အဲဒီတစ်နေရာပဲရှိတာ” ဟု ၎င်းကဆိုသည်။

ယခုဖမ်းဆီးမှုနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ ဖုန်းစက်ပိတ်ထားသဖြင့် အဆက်အသွယ်မရခဲ့ပါ။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့်ဒေသများတွင် အေအေနှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံထားရသူ ၂၀၀ ကျော်ရှိကြောင်း ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ၏ စာရင်းအရသိရသည်။

ဗီဒီယိုများ