မောင်တောပြန်ပေးဆွဲမှုတွင် ပါဝင်သူတစ်ဦးဖမ်းမိထားကြောင်း ရဲတပ်ဖွဲ့ပြော

မေလ ၂၃ ရက်နေ့ နံနက်ပိုင်း ၁ နာရီအချိန်ခန့်က မောင်တောမြို့၊ နာရီစင်လမ်းရှိ ရတနာပရိဘောဂဆိုင်ရှင် နေအိမ်အား အနက်ရောင်ဝတ်ဆင်ပြီး သေနတ်နှင့်ဓားများကိုင်ဆောင်ထားသည့် လူ ၄ ဦးမှ ဝင်ရောက်ကာ ဓားပြတိုက်ခဲ့ပြီး ဆိုင်ပိုင်ရှင် ဦးရော်ဖီး (၅၀)နှစ်နှင့် ၎င်း၏သားဖြစ်သူ မာမောက်အာယာစ် (၂၇)နှစ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

03 Jun 2021

DMG ၊ ဇွန် ၃

ရခိုင်ပြည်၊ မောင်တောမြို့မှ ပြန်ပေးဆွဲမှုဖြစ်စဉ်တွင် ပါဝင်သူတစ်ဦးအား ဖမ်းဆီးရမိထားကြောင်း ဒေသအာဏာပိုင်များက အတည်ပြုပြောကြားသည်။

မေလ ၂၃ ရက်နေ့ နံနက်ပိုင်း ၁ နာရီအချိန်ခန့်က မောင်တောမြို့၊ နာရီစင်လမ်းရှိ ရတနာပရိဘောဂဆိုင်ရှင် နေအိမ်အား အနက်ရောင်ဝတ်ဆင်ပြီး သေနတ်နှင့်ဓားများကိုင်ဆောင်ထားသည့် လူ ၄ ဦးမှ ဝင်ရောက်ကာ ဓားပြတိုက်ခဲ့ပြီး ဆိုင်ပိုင်ရှင် ဦးရော်ဖီး (၅၀)နှစ်နှင့် ၎င်း၏သားဖြစ်သူ မာမောက်အာယာစ် (၂၇)နှစ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယင်းဖြစ်စဉ်တွင်ပါဝင်သည့် အဒူလာ၊ အသက် ၃၀ ကျော်အား အခင်းဖြစ်ပွားပြီး ၂ ရက်အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ကညင်တန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က ပြောသည်။

“လမ်းပြသူခိုးတစ်ယောက်ကိုတော့ ရဲကဖမ်းမိထားတယ်။ သူကဓားပြမှုမှာပါတဲ့ တစ်ယောက်ပေါ့။ သူက အရင်လည်းထောင်ကျဖူးတယ်။ အခုလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကပြန်လွတ်လာတော့ ဓားပြအဖွဲ့တွေနဲ့ ပေါင်းပြီး သူခိုးလမ်းပြပေးတာပေါ့” ဟု ၎င်းကဆိုသည်။

ထိုသို့ ဖမ်းဆီးရမိထားသူအား ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၆၇/၁၁၄ တို့ဖြင့် အမှုဖွင့်ရမန်ယူထားကြောင်းနှင့် အခြားပါဝင်သူများအား ဖမ်းဆီးရမိရေးကို ဆောင်ရွက်လျက်ရှိကြောင်း မောင်တောမြို့မရဲစခန်းမှ ဒုရဲမှူး မြင့်ကျော်ဦးက ပြောသည်။

“ကျန်တဲ့တရားခံတွေကတော့ တောထဲမှာနေကြတယ်ဆိုပြီး ထွက်ဆိုထားတဲ့အတွက် အဲဒီဖက်မှာရှိတဲ့ နယ်ခြားစောင့်တွေကို လှမ်းပြီးစုံစမ်းခိုင်းထားတယ်။ ဒီဖက်မှာလည်း ကျနော်တို့အတတ်နိုင်ဆုံး စုံစမ်းနေတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိမှာ ရတနာပရိဘောဂဆိုင်ရှင် သားဖနှစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရသည်မှာ ရက်ပေါင်း ၁၀ ကျော်ခန့် ရှိနေပြီဖြစ်သော်လည်း သတင်းအစအန တစ်စုံတစ်ရာမရရှိသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

“ဖမ်းသွားတဲ့နေ့ကတည်းက အခုထိ ဘာသတင်းမှ စုံစမ်းလို့မရသေးတော့ မိသားစုတွေကတော့ စိတ်ပူတာပေါ့။ ရဲစခန်းမှာတော့ အမှုဖွင့်ထားပါပြီ” ဟု ဖမ်းဆီးခံရသူ ဦးရော်ဖီး၏သား နောက်တစ်ဦးဖြစ်သည့် မာမောက်အေရာမောင်က ပြောသည်။

မောင်တောမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ပုစွန်ကန်၌ အလုပ်လုပ်ကိုင်နေသည့် မွတ်စလင် ၅ ဦးအား လက်နက်များကိုင်ဆောင်ထားသည့် လူတစ်စုမှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဗီဒီယိုများ